ယမန်နေ့က Huawei Mate 40 စီးရီးဟာ တရုတ်ပြည်စျေးကွက်ပြင်ပကို ကွဲပြားတဲ့ ချစ်ပ်ဆက်နဲ့ မိတ်ဆက်လာဖို့ရှိပြီး MediaTek ချစ်ပ်ဆက်တစ်ခုခု အသုံးပြုလာနိုင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယနေ့မှာတော့ Honor V40 စီးရီးရဲ့ Specs အပြည့်အစုံထွက်ပေါ်လာခဲ့ပြီး မော်ဒယ်အားလုံးမှာ MediaTek Dimensity 1000+ ချစ်ပ်ဆက် အသုံးပြုထားတာကို တွေ့ရပါတယ်။

Honor V40 စီးရီးမှာ V40, V40 Pro နဲ့ V40 Pro+ ဆိုပြီး မော်ဒယ်သုံးမျိုးပါဝင်ကာ သုံးမျိုးလုံးမှာ MediaTek ရဲ့ Dimensity 1000+ ချစ်ပ်ဆက်အသစ်ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် 8GB LPDDR4X RAM ကိုအသုံးပြုထားပြီး V40 Pro+ မော်ဒယ် တစ်ခုတည်းမှာသာ 12GB RAM ရွေးချယ်ခွင့်ပါဝင်လာတာ တွေ့ရပါတယ်။ Storage ကတော့ သုံးခုလုံးမှာ 256GB UFS 3.0 အမျိုးအစားပါ။

Display ကို BOE AMOLED Panel တွေ အသုံးပြုထားပြီး V40 Vanilla မော်ဒယ်မှာ Flat အမျိုးအစားဖြစ်ပေမယ့် ကျန်တဲ့ Pro ဗားရှင်းနှစ်ခုလုံးမှာ Dual Punch-hole နဲ့ Curved Display တွေကို အသုံးပြုထားပါတယ်။ Refresh Rate မှာတော့ V40 Pro+ တစ်ခုတည်းသာ 120Hz ပါဝင်ပြီး ကျန်တဲ့နှစ်ခုက 90Hz အသီးသီး ရရှိမှာပါ။

ရိုးရိုး V40 မှာ 32MP Sony IMX616 ဆဲလ်ဖီးကင်မရာ တစ်လုံးတည်းဖြစ်ပြီး Pro နဲ့ Pro+ ဟာ တူညီတဲ့ Sensor ကိုအသုံးပြုထားပေမယ့် TOF Sensor တစ်ခု အပိုပါလာပါတယ်။ နောက်ဘက်မှာ 64MP Sony IMX686 Sensor နဲ့ 12MP Telephoto + OIS ပါဝင်တဲ့ Telephoto Lens တို့ပေါင်းစပ်ထားတဲ့ Triple-camera တွေကို တွေ့ရမှာဖြစ်ပြီး V40 Pro+ ကတော့ 48MP OV8C အဓိကကင်မရာကို အသုံးပြုထားပါတယ်။

V40 နဲ့ V40 Pro+ တို့မှာ 4,200 mAh ဘက္ထရီတွေပါဝင်ပြီး V40 Pro ကတော့ 4,300 mAh ဖြစ်နေတာလည်း ထူးထူးခြားခြားတွေ့ရပါတယ်။ အားသွင်းစနစ်ကတော့ အရှေ့မော်ဒယ်နှစ်ခုမှာ 40W အားသွင်းစနစ်ဖြစ်ပြီး Pro+ မှာ ပိုမြန်တဲ့ 66W အားသွင်းစနစ်ဖြစ်ပါတယ်။ သုံးမျိုးလုံးမှာ ကြိုးမဲ့အားသွင်းစနစ် 27W ပါဝင်ပါတယ်။

Ref – GizmoChina