Honor ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mid Range 5G စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Honor X10 5G ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာ Honor ရဲ့ President ဖြစ်တဲ့ George Zhao ကနေ Honor X-Series စမတ်ဖုန်းတွေရောင်းချရမှုဟာ အခုအချိန်မှာ အလုံးရေ သန်း ၈၀ ကျော်အထိရှိသွားပြီလို့ ကြေညာခဲ့ပါတယ်။

အခုလိုရောင်းချရမှုဟာ များပြားတယ်ဆိုပေမယ့် Honor X-Series ဖုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက Honor 3X G750 ဖုန်းကနေ စတင်ခဲ့တဲ့အတွက် ၈ နှစ်တာကာလအတွင်းမှာ အလုံးရေ သန်း ၈၀ ကျော်ရောင်းချခဲ့ရတာလို့ ပြောလို့ရပါတယ်။

Honor ရဲ့ X-Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် စွမ်းဆောင်ရည်ကောင်းမွန်တဲ့အပြင် စျေးနှုန်းသက်သာတဲ့အတွက် လူသိများပြီးတော့ အခုနောက်ပိုင်းအထူးသဖြင့် တရုတ်နိုင်ငံတွင်းနဲ့ ဥရောပလိုမျိုး နိုင်ငံတွေမှာ လူစိတ်ဝင်စားမှု သိသိသာသာမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ Honor 8X နဲ့ 9X စမတ်ဖုန်းတွေကလည်း ရောင်းအားကောင်းမွန်ခဲ့ပြီး Honor 8X စမတ်ဖုန်းဆိုရင် အလုံးရေ ၁၅ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ Honor X10 5G စမတ်ဖုန်းကလည်း တရုတ်ယွမ်ငွေ ၁,၈၉၉ (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) ပဲရှိတဲ့အတွက် လက်ရှိ 5G Mid Range ဖုန်းတွေထဲမှာ အောင်မြင်မှုအများအပြားရရှိနိုင်တယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ Honor ကတော့ အခု 5G စမတ်ဖုန်းစျေးကွက်ကနေ X-Series ဖုန်းတွေကို အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Ref – GSM Arena