၂၀၁၉ ခုနှစ် ဇူလိုင်လမှာ Honor 9X စီးရီးကို မိတ်ဆက်ခဲ့ပေမယ့် အခုနှစ်မှာ အနည်းငယ်စောပြီး 5G အသင့်သုံး Honor X10 ကိုမိတ်ဆက်လာခဲ့ပါတယ်။ 9X ရဲ့ဆက်ခံသူဆိုတော့ 10X ဖြစ်သင့်ပေမယ့် Xiaomi ရဲ့ Redmi 10X က အနည်းငယ်ပိုစောသွားလို့ နာမည်မရှုပ်ထွေးရအောင် Honor X10 လို့ပြောင်းလဲခဲ့တာပါ။

Honor X10 ဟာ အရင်မျိုးဆက်ထက် ပိုကြီးတဲ့ Notch-less Display, Flagship အဆင့် ကင်မရာနဲ့ ပိုကြီးတဲ့ ဘက္ထရီစနစ်တို့အပြင် 5G မျိုးဆက်သစ်နက်ဝပ်သုံးစွဲနိုင်စွမ်းတို့ ပါဝင်လာပါတယ်။ ဒီဖုန်းရဲ့အရွယ်အစားက 163.7 x 76.5 x 8.8mm ရှိပြီး 203g သာ လေးပါတယ်။

သူ့မှာ 6.63” IPS LCD Display ပါဝင်ပြီး Punch-hole နဲ့ Notch တွေမပါဘဲ ရှင်းလင်းတဲ့ မြင်ကွင်းကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် 90Hz Refresh Rate တောင် ပါပါသေးတယ်။

အတွင်းမှာ Kirin 820 5G ချစ်ပ်ဆက်သစ် အသုံးပြုထားတာကြောင့် 5G Band ကိုးမျိုးကို ဖမ်းယူအသုံးပြုနိုင်ပြီး Download Speed 1003Mbps ထိ မြင့်မားစွာ အသုံးပြုနိုင်မှာပါ။ မန်မိုရီပိုင်းမှာလည်း LPDDR4X RAM နဲ့ UFS 2.1 Storage စနစ်နဲ့မို့ ခေတ်မီစမတ်ဖုန်းသစ်တစ်လုံးဆိုတာ သေချာပါတယ်။ ဘက္ထရီက 4,300 mAh ဖြစ်ပြီး 22.5W အားအမြန်သွင်းစနစ်နဲ့ဖြစ်ပါတယ်။

Pop-up စတိုင်လ် ဆဲလ်ဖီးကင်မရာက 16MP ဖြစ်ပြီး နောက်ဘက်မှာ အခုရေစီးတိုင်း လေးထောင့်သဏ္ဍာန် Camera Module ကို အသုံးပြုထားတယ်။ အထဲမှာ 40MP Sony IMX600y Sensor ကို 8MP Ultrawide နဲ့ 2MP Depth Sensor တို့ဖြင့် တွဲဖက်ပေးထားပါတယ်။ Honor X10 5G မှာ Fingerprint ကိုလည်း လက်ရှိ Trend အတိုင်း ဘေးဘက်မှာ ထည့်ထားကာ 0.3 စက္ကန့်အတွင်းမှာ ပွင့်တယ်လို့ ဆိုပါတယ်။

Honor X10 5G ရဲ့ဈေးနှုန်းတွေက အခြေခံ 6/64GB ကို ယွမ် ၁၈၉၉ (မြန်မာငွေ သုံးသိန်းရှစ်သောင်းနီးပါး)၊ 6/128GB မော်ဒယ်ကို ယွမ် ၂၁၉၉ (မြန်မာငွေ လေးသိန်းသုံးသောင်းခွဲ) နဲ့ အမြင့်ဆုံး 8/128GB ကိုမှ ယွမ် ၂၃၉၉ (မြန်မာငွေ လေးသိန်းခုနစ်သောင်းခွဲ) သာ ကျသင့်မှာပါ။

Racing Blue, Light Speed Silver, Burning Power Orange နဲ့ Speed Black လို့ ပါဝါရိန်းဂျားစီးရီးဆန်ဆန် အမည်ပေးထားတဲ့ ကာလာလေးမျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး မေလ ၂၆ ရက်နေ့မှာတော့ တရုတ်နိုင်ငံဈေးကွက်မှာ စတင်ရောင်းချတော့မှာပါ။ Honor ဟာ X10 5G အတွက် Pro ဗားရှင်းကိုတော့ ထုတ်မပြခဲ့ပါဘူး။

Ref – GizmoChina