Honor X10 ဟာ လာမယ့်မေလ ၂၀ ရက်နေ့မှာ တရားဝင်ဖြန့်ချိတော့မှာဖြစ်ပြီး မိတ်မဆက်ခင် ရက်ပိုင်းအလိုမှာပဲ ဒီဟန်းဆက်ရဲ့ ပကတိပြင်ပဓါတ်ပုံတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရ Honor X10 ဟာ အပြာ၊ လိမ္မော်ရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားတာကို သိလိုက်ရပါတယ်။

ဓါတ်ပုံတွေအရ Honor X10 ဟာ Glass body နဲ့ဖြစ်သလို ကျောဘက်မှာလည်း ကင်မရာသုံးလုံးတပ်ဆင်ထားတာကို တွေ့ရပါလိမ့်မယ်။ ထောင့်မှန်စတုဂံပုံ ကင်မရာဘောင်ထဲမှာတော့ “Super Night Version” ဆိုပြီး ဓါတ်ပုံရိုက်ကူးမှုပိုင်းအဓိကအားသာချက်လို့ ယူဆရတဲ့ အကြောင်းအရာကို ရေးသားထားတာ တွေ့ရပါတယ်။

ကင်မရာတွေရဲ့ အောက်ခြေမှာ AI logo ကိုလည်း တွေ့မြင်နိုင်သလို၊ စာသားတွေအရ RYYB filter main cam နဲ့ ဖြစ်တာကိုလည်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ပေါက်ကြားမှုတွေအရတော့ 40MP အဓိကင်မရာကို 8MP ultrawide (120-degree FOV) နဲ့ 2MP macro unit တို့က ထောက်ကူပေးထားမယ်လို့ သိရပါတယ်။

လက်ရှိပေါက်ကြားလာတဲ့ ပကတိပြင်ပဓါတ်ပုံတွေဟာ ကျောပြင်ကိုသာ ပြသထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ရဲ့ ပကတိပုံစံကိုတော့ ပြောပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် တရားဝင်ပုံရိပ်တွေအရ Notch, Punch-hole တွေမပါဝင်ဘဲ မျက်နှာပြင်ပြည့် အမျိုးအစားဖြစ်တာကို တွေ့ရပါတယ်။ ကောလာဟလတွေအရ Pop-up selfie ကင်မရာဟာ 16MP resolution ဖြစ်တယ်လို့ သိရပါတယ်။

Kirin 820 SoC ကို အသုံးပြုထားမယ်လို့ ကုမ္ပဏီကအတည်ပြုပေးထားပြီး 6GB of RAM, 64/128GB အတွဲအဖက်တွေ ရှိတယ်လို့ ဆိုပါတယ်။ ဘက်ထရီကတော့ 4,300mAh ဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref: GSM Arena