ဒီလအစောပိုင်းတုန်းကပဲ Honor ဟာ Honor 30 Lite (Youth Edition) 5G ကို မိတ်ဆက်ခဲ့ပါတယ်။ Honor X10 Max နဲ့အတူတွဲပြီး တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ မိတ်ဆက်ခဲ့တာပါ။ အခုလည်း Huawei ရဲ့ ပေါက်ကြားသတင်းတွေကို တင်လေ့ရှိတဲ့ Weibo အကောင့်က ကျောဘက်ကင်မရာလေးလုံးနဲ့ ဟန်းဆက်တစ်ခုရဲ့ပုံကို လွှင့်တင်လိုက်ပြန်ပါပြီ။

ထွက်ပေါ်လာတဲ့ ရုပ်ပုံအရတော့ စတုဂံပုံစံကင်မရာအိမ်ထဲမှာ ကင်မရာလေးလုံးရော LED ဖလက်ရှ်ကိုပါ အတူတကွ ထည့်သွင်းဖွဲ့စည်းထားတာပါ။ ရေးထိုးထားတဲ့ စာတမ်းအရ အဓိကကင်မရာဟာ 48MP ဖြစ်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီရုပ်ပုံကို လွှင့်တင်လိုက်တဲ့ Tipster ကတော့ ဒီဟန်းဆက်ဟာ Mid-range ဟန်းဆက်သာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါသေးတယ်။

အခုအချိန်မှာတော့ ဒီဟန်းဆက်ဟာ Huawei အမှတ်တံဆိပ်နဲ့ထွက်မှာလား၊ ဒါမှမဟုတ် Honor အမှတ်တံဆိပ်အနေနဲ့ ထွက်လာမှာလားဆိုတာ မသိရသေးပါဘူး။ Tipster ကတော့ ဒီဟန်းဆက်မှာ Kirin chipset အသုံးပြုထားတယ်ဆိုတဲ့အကြောင်း အရိပ်အမြွက်လောက်ပဲ ပြောထားပါသေးတယ်။

Honor ကတော့ Honor X10 Pro 5G ကို ဖြန့်ချိဖို့ လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ နာမည်အရ ဒီဟန်းဆက်ဟာ ပြီးခဲ့တဲ့မေလတုန်းက မိတ်ဆက်ခဲ့တဲ့ Kirin 820 SoC နဲ့ Honor X10 5G ကို အဆင့်မြှင့်တင်ထားတာလို့ ယုံကြည်ရပါတယ်။ တရုတ်ပြည်တွင်းကလာတဲ့သတင်းတွေအရ Honor X10 မိသားစုမှာ နောက်ထပ်အဖွဲ့ဝင်တွေ ရှိလာဦးမယ်လို့ သိထားရပါတယ်။

မကြာခင်ကလည်း Density 800 5G SoC သုံး Honor X10 Max ကို ကြေညာခဲ့ပါတယ်။ ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ဟန်းဆက်ဟာ Kirin 820 5G မောင်းနှင်တဲ့ Honor X10 Pro ဖြစ်နိုင်ပါတယ်။ X10 5G ဟာ ကျောဘက်ကင်မရာ သုံးလုံးပါဝင်ပြီး Pro မော်ဒယ်ကတော့ ကင်မရာ လေးလုံးနဲ့ ဖြစ်မယ်လို့ သိရပါတယ်။

Honor X10 Pro နဲ့ ပတ်သက်တဲ့ ကောလာဟလတွေထဲမှာ X10 နဲ့ အရွယ်အစားတူညီတဲ့ မျက်နှာပြင်ဖြစ်နိုင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် Pro Model ကို 6.63-inch IPS LCD မျက်နှာပြင်၊ Notch-less ဒီဇိုင်းနဲ့ တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း Honor X10 Pro ဆိုတာပြဖို့ တိကျခိုင်မာတဲ့ အတည်ပြုနိုင်စရာ အချက်အလက်မရှိသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။

Ref: Gizmochina