ဆီထည့်လိုက်ရင် ကားမောင်းလို့ရတယ်ဆိုတာကို Hybrid ကားတွေက ရိုက်ချိုးလိုက်ပါတယ်။ ဆီတင်မဟုတ်ပဲ Battery နဲ့ မော်တာတွေပါ ပါလာတာကြောင့်ပါ။ ကားတစ်စီးကို မောင်းနှင်နိုင်ဖို့ကို နည်းလမ်းနှစ်မျိုးသုံးပြီး မောင်းနှင်တဲ့သဘောပါ။

Hybrid ကားတော်တော်များများကတော့ ကားမောင်းနေတုန်း အားသွင်းနေမယ့် Battery ပါပြီး Battery ကအားလို လိုအပ်တဲ့အချိန် ပြန်ယူသုံးပေးမယ့် မော်တာပါပါတယ်။ Hybrid ကားတွေရဲ့ အဓိကအားသာချက်က ဆီစားသက်သာတာပါ။ ဆီစားသက်သာစေဖို့ အဓိကရည်ရွယ်ချက်နဲ့ Hybrid ကားတွေကို ဖန်တီးထားတာပါ။

ဈေးကွက်ထဲမှာတော့ အရင်က Hybrid နည်းပညာပါတဲ့ ကားတွေက တော်တော်လေးကို ရှားပါတယ်။ အခုတော့ Hybrid ကားတွေက ရွေးစရာတော်တော်များလာပါပြီ။ နိုင်ငံတော်တော်များများက ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း တစ်နှစ်နဲ့တစ်နှစ်မတူတဲ့ Hybrid နည်းပညာတွေကိုသုံးပြီး ဈေးကွက်ပြိုင်လာကြပါပြီ။ Hybrid ကားတွေကို ဝယ်စီးကြသူအများစုက EV တွေကိုလည်း သဘောကျသူတွေများပါတယ်။ EV တွေကတော့ ခရီးဝေးသွားဖို့အချိန်ပေးရတာကြောင့် EV တွေအစား Hybrid ကားတွေကို ပဲအစားထိုးအနေနဲ့ ဝယ်စီးကြတာပါ။

Hybrid ကားဘယ်လို အလုပ်လုပ်သလဲဆိုတာကတော့ တစ်စီးနဲ့တစ်စီးမတူပါဘူး။ Hybrid နည်းပညာတွေထဲက အသုံးအများဆုံးနည်းပညာအကြောင်းကိုပဲ ပြောသွားပေးပါမယ်။ မော်တာနဲ့ ကားအင်ဂျင်နှစ်ခုတွဲအလုပ်လုပ်တဲ့ Hybrid နည်းပညာပါ။ ကားအင်ဂျင်ကထွက်လာတဲ့ လျှပ်စစ်နဲ့ Battery ကိုအားသွင်းပေးပါတယ်။ Battery ကအားကိုပြန်သုံးတဲ့ မော်တာတစ်လုံးပါပါတယ်။ အဲ့ဒီမော်တာက ကားအင်ဂျင်ထမ်းရတဲ့ဝန်ကို အနည်းငယ်ကူပေးတော့ အင်ဂျင်က ရုံးစရာသိပ်မလိုတဲ့အတွက် ဆီအသုံးပြုတာလည်း တော်တော်နည်းသွားပါတယ်။

Hybrid ကားတစ်စီးမှာ ဆီတစ်ဂါလံ ထည့်ထားရင် သွားလို့ရတဲ့ အကွာအဝေးက သာမန်ကားတွေထက် အမြဲပိုများပါတယ်။ Hybrid စနစ်ထဲက မော်တာတွေကကူညီပေးတာကြောင့် အင်ဂျင်အနေနဲ့ အလုပ်လုပ်ရတာ သက်သာသလို ဆီစားနည်းစေလို့ပါ။ Toyota Prius, Honda Civic နဲ့ Honda Insight တွေကတော့ လူသိများတဲ့ Hybrid ကားတွေပဲဖြစ်ပါတယ်။