ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံးကို အသုံးပြုနေတယ်ဆိုရင် ကိုယ်သုံးနေတဲ့ ကွန်ပျူတာက နှေးသွားမှာ၊ ပျက်သွားမှာကိုတော့ ဖြစ်စေချင်ကြမှာမဟုတ်ပါဘူး။ ဒီလိုမျိုး ကွန်ပျူတာနှေးသွားတာရဲ့ အဓိကအကြောင်းပြချက်တစ်ခုကတော့ လိုအပ်တာထက်ပိုပြီး Heat တက်နေတာပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က Laptop အသုံးပြုနေတယ်ဆိုရင်တော့ Heat တက်လာတာကို သိနိုင်မှာဖြစ်ပေမယ့် Desktop PC ကို အသုံးပြုနေတယ်ဆိုရင်တော့ ကိုယ့် CPU Temperature က ဘယ်လောက်ထိ တက်နေသလဲဆိုတာကို သာမန်အနေနဲ့ သိနိုင်ဖို့ ခဲယှဥ်းပါတယ်။ အဲ့ဒီအတွက် ဘယ်လိုမျိုး စစ်ဆေးနိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ CPU Temperature ကို Windows မှာပါဝင်တဲ့ Task Manager လိုမျိုးကနေ စစ်ဆေးမရတာကြောင့် သီးသန့် Software တစ်ခုခုကို အသုံးပြုဖို့ လိုအပ်ပါတယ်။ အလွယ်ကူဆုံး App ကတော့ Core Temp နာမည်နဲ့ Software ကို အသုံးပြုတာပဲဖြစ်ပါတယ်။ အဆိုပါ Core Temp Software ဟာ Task Bar မှာ CPU Core တစ်ခုချင်းစီရဲ့ အပူချိန်ကို အချိန်နဲ့တပြေးညီဖော်ပြပေးသွားမှာဖြစ်တာကြောင့် လုံးဝကို အသေးစိတ်သိရှိနိုင်မှာပါ။

တကယ်လို့ CPU တင်မဟုတ်ဘဲ တခြားသော အစိတ်အပိုင်းတွေအကြောင်းကိုပါ အသေးစိတ်သိချင်တယ်ဆိုရင်တော့ HWInfo Software ဟာ လက်ရှိအချိန်မှာအကောင်းဆုံးဖြစ်မှာပါ။ အဆိုပါ HWInfo Software ဟာ CPU အပါအဝင် တပ်ဆင်ထားသမျှ Hardware တွေရဲ့ လက်ရှိအပူချိန်အပြင် အနိမ့်ဆုံးနဲ့ အမြင့်ဆုံး အပူချိန်တွေကိုပါ မှတ်ထားပေးမှာဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က User Interface လှတာကို သဘောကျတယ်ဆိုရင်တော့ NZXT ကနေ ထုတ်ပေးထားတဲ့ NZXT Cam Software ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း NZXT ရဲ့ Fan သို့မဟုတ် CPU Cooler တွေကို အသုံးမပြုနေဘူးဆိုရင်တော့ Customized ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

ကိုယ့်ကွန်ပျူတာရဲ့ CPU အပူချိန်ကို သိရှိပြီဆိုရင်တော့ ဘယ်အပူချိန်တွေက အဆင်ပြေပြီး ဘယ်အပူချိန်တွေက စိုးရိမ်ဖို့လိုအပ်သလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

  • 60°C အောက် – CPU အပူချိန်ကောင်းမွန်ပြီး ဘာမှပြုလုပ်ဖို့ မလိုအပ်ပါဘူး။
  • 60°C~70°C – Gaming သို့မဟုတ် CPU Multitasking ပြုလုပ်နေရတဲ့အချိန်မှာ အခုအပူချိန်ကိုရောက်နေတတ်ပြီး စိုးရိမ်ဖို့မလိုအပ်ပါဘူး။
  • 70°C~80°C – CPU Intensive ဖြစ်တဲ့ Software တွေသုံးနေတဲ့အချိန်မှာ တွေ့ရတတ်ပြီး CPU Cooler ကို ပိုကောင်းတာနဲ့ လဲလှယ်တာ၊ CPU Thermal Paste လဲလှယ်သင့်တဲ့အချိန်ဖြစ်ပါတယ်။
  • 80°C~90°C – ကိုယ့် CPU ကို Overclock ပြုလုပ်ထားတာမဟုတ်ဘူးဆိုရင် အခု အပူချိန်က စိုးရိမ်သင့်တဲ့အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဖုန်မှုန့်တွေကြောင့် CPU Cooler အလုပ်မလုပ်နိုင်တာဖြစ်နိုင်သလို၊ အကောင်းဆုံးက Desk PC တစ်ခုလုံးကို ဖုန်ရှင်းတာ၊ Cooler အသစ်လဲလှယ်သင့်နေပါပြီ။
  • 95°C အထက် – လုံးဝအသုံးပြုခြင်းမပြုလုပ်သင့်တော့ဘဲ Cooling နဲ့ သက်ဆိုင်တဲ့အရာတွေအကုန်လုံးကို စစ်ဆေးသင့်ပါတယ်။

Ref – PC World