Find My Mobile Samsung tool ကို ဘယ်လိုပြင်ဆင်ထားမလဲဆိုတဲ့ မေးခွန်းကို လူအတော်များများက မေးဖို့ပျက်ကွက်တတ်ကြပါတယ်။ ဒီပျက်ကွက်မှုက နေ့စဉ်အသုံးပြုနေချိန်မှာ မသိသာပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ Samsung ဖုန်း ပျောက်ဆုံးသွားတယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်လာစေတာ တွေ့ရပါလိမ့်မယ်။

ဒီ Function က ပိုင်ရှင်လက်ထဲကနေ ပျောက်ဆုံးသွားတဲ့ဖုန်းကို ပြန်ပြီးမရယူနိုင်ခဲ့ဘူးဆိုရင် ဖုန်းထဲက Data တွေအားလုံးကို ဖျက်ပစ်နိုင်ဖို့ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မတော်တဆ ဖုန်းပျောက်သွားခဲ့ရင် ကိုယ့်ရဲ့ တန်ဖိုးကြီး Data တွေကို တခြားတစ်ယောက်ယောက်က အလွဲသုံးတာမျိုးကနေ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။

Find My Mobile feature ဟာ Samsung Account မရှိရင်တော့ အလုပ်လုပ်မှာမဟုတ်တာကို သတိပြုရပါမယ်။ အကောင့်ရှိရင်တော့ ဝင်ရောက်ပြီး စတင်ပြင်ဆင်လို့ရပါပြီ။

အဆင့် ၁ − Settings ထဲမှာ Biometrics and security ရှိပြီး Find My Mobile လည်း ရှိနေပါတယ်။ ဒီ Feature ကို ရှာပြီး Enabled ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ အကယ်၍ ဆန္ဒရှိတယ်ဆိုရင် Remote Unlock and Send last location ကိုလည်း ရွေးချယ်ထားနိုင်ပါတယ်။

အဆင့် ၂ − အကယ်၍ နှစ်သက်တယ်ဆိုရင်လည်း အဆိုပါ Menu က SmartThings Find ကိုလည်း Enable ပြုလုပ်ထားနိုင်ပါသေးတယ်။ ဒီ Feature က စမတ်ဖုန်း၊ စမတ်နာရီ၊ နားကြပ်နဲ့ တက်ဘလက်တွေလိုမျိုး Samsung Devices တွေကို Offline ဖြစ်နေရင်တောင်မှ ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။

Find My Mobile ကနေ Samsung ဖုန်း ဘယ်နေရာမှာရှိနေတယ်ဆိုတာကို ရှာဖွေမလဲ

အဆင့် ၁ − သင့်ရဲ့ Web browser ကတစ်ဆင့် findmymobile.samsung.com ကို ဝင်ရောက်ပါ။
အဆင့် ၂ − သင့်ရဲ့ Samsung Account ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုအသုံးပြုပြီး အကောင့်ထဲ Login ဝင်ရောက်ပါ။

အဆင့် ၃ − အကောင့်ထဲဝင်ပြီးတာနဲ့ မတူညီတဲ့ ရွေးချယ်စရာတွေကို ပြသတာတွေ့ရပါလိမ့်မယ်။

အကယ်၍ သင့်ဖုန်းဟာ Wi-Fi ဒါမှမဟုတ် Cellular network ကို ချိတ်ဆက်ထားမယ်ဆိုရင် ဖုန်းရှိနေတဲ့နေရာကို ပြပါလိမ့်မယ်။ Samsung Account ကို ဝင်ထားတယ်ဆိုရင် Find My Mobile က ဖုန်းရှိနေတဲ့နေရာကို ချက်ချင်းဆိုသလိုပဲ ပြမှာပါ။ ဖုန်းသံပိတ်ထားတာ၊ တုန်ခါမှုပိတ်ထားတာဆိုရင်တောင် Ring feature က အမြင့်ဆုံးအသံနဲ့ တစ်မိနစ်ကြာ မြည်ပေးမှာ ဖြစ်ပါတယ်။

Track location ကတော့ ဖုန်းရဲ့ ခန့်မှန်းတည်နေရာကို ဖော်ပြပေးမှာဖြစ်ပြီး အဝေးကနေ Data တွေ ဖျက်ပစ်တာကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Data တွေကို Back up လုပ်နိုင်တာ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ Message တွေ ပြန်ရယူတာ၊ Device ကို အဝေးကနေ Lock ဖွင့်တာ၊ ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် ပါဝါချွေတာတဲ့ Mode ထည့်တာ စတဲ့ ရွေးချယ်မှုတွေလည်း ရှိပါတယ်။

Ref: SamMobile