မိမိရဲ့ ဖုန်းပျောက်သွားတဲ့အခါမှာ ကိုယ်ပိုင်အချက်အလက်တွေ၊ အရေးကြီး ဖိုင်တွေ ၊ ဘဏ်အကောင့်ကို တခြားသူက အလွယ်တကူ သုံးလို့မရအောင် ဘယ်လိုလုပ်ဆောင်ထားမလဲ။

Android ဖုန်းမှာ ဖိုင်တွေ၊ Application တွေ စတဲ့ အရေးကြီး အချက်အလက်တွေ သိမ်းဆည်းနိုင်တဲ့ နည်းလမ်းတွေ ဝေမျှ ပေးသွားမှာဖြစ်ပါတယ်။

ဖိုင်တွေ ဘယ်လို ဖွက်ထားမလဲ

File Hide Expert ဆိုတဲ့ Application ကို Google Play Store ကနေ အခမဲ့ ဒေါင်းလုပ်ခ် (Download) ဆွဲလို့ရပါတယ်။ Google Play Store ကနေ Download ဆွဲပြီး Application ကိုဖွင့်လိုက်ရင် အထဲမှာ ဖွက်ထားတဲ့ဖိုင်မရှိဘူးဆိုတာ ပြောတဲ့ စာတမ်းပေါ်နေပါလိမ့်မယ်။

အဲ့ App ရဲ့ ညာဘက်ဒေါင့်က Folder Icon လေးကို နှိပ်ပြီး ကိုယ့် ဖွက်ထားချင်တဲ့ ဖိုင်တွေကို ထည့်သွင်းလို့ရပါပြီ။

ဒီ App က File Management App လိုမျိုး အလုပ်လုပ်တာဖြစ်ပါတယ်။ ကိုယ့်ဖိုင်ရဲ့ တည်နေရာကို သိရှိရုံနဲ့ အဲ့ဖိုင်ကို ဖွက်ထားလို့ရပါတယ်။ ကိုယ်ဖွက်ထားချင်တဲ့ ဖိုင်ကို ရွေးပြီး ဖွက် (Hide) ထားလိုက်ပါ။

Hide all လုပ်ရင် ဖိုင်တွေ အားလုံး ဖွက်ထားမှာဖြစ်တာကြောင့် ကိုယ်ဖွက်ချင်တဲ့ ဖိုင်ကိုသာ ရွေးပြီး (Hide) လုပ်ပါ။ ကိုယ်မှားပြီး Hide all လုပ်လိုက်ရင်လည်း ပြန်ပြီး Restore all ကို ပြန်လုပ်လိုက်လို့ရပါတယ်။

File Hide Expert ဆိုတဲ့ App ကိုဝင်ဖို့အတွက်လည်း Password ပေးဖို့ မမေ့ပါနဲ့။ မဟုတ်ရင် File Hide Expert ဆိုတဲ့ App ကို ၀င်ပြီး ကိုယ်မတွေ့စေချင်တဲ့ ဖိုင်တွေကို တွေ့ရှိသွားမှာဖြစ်ပါတယ်။

Application တွေကို ဘယ်လို သိမ်းဆည်းထားမလဲ

ဖုန်းမှာ Application တွေ များလို့စိတ်ညစ်နေသလား။ ဒါမှမဟုတ် ကိုယ့်အရေးကြီးတဲ့ Application တွေ၊ ဥပမာ Mobile Banking App တွေ၊ အီးမေးလ် စတာတွေကို တခြားသူတွေ သုံးစွဲလို့မရအောင် သိမ်းဆည်းထားချင်ပါသလား။

Samsung ဖုန်းတွေမှာတော့ Third Party Apps တွေကို မသုံးဘဲ သူ့ထဲမှာပါတဲ့ App နဲ့ဘဲ သိမ်းဆည်းထားလို့ရပါတယ်။

အကယ်၍ ကိုယ့်ဖုန်းမှာအဲ့လိုမျိုး မပါရှိခဲ့ရင်လည်း Nova Launcher App ကို အသုံးပြုလို့ရပါတယ်။ ဒီ App က ကိုယ့် App ကို လွယ်လွယ်ကူကူနဲ့ လုံလုံခြုံခြုံ သိမ်းဆည်းနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Nova Launcher ကို install လုပ်လိုက်ပါ။ Nova Setting ထဲကနေ App and Widget Drawers ကို ၀င်ပါ။ အဲ့ကနေ Hide Apps ကို ၀င်ပါ။

အဲ့ဒီနေရာမှာတော့ ကိုယ် ဖွက်ထားချင်တဲ့ သိမ်းဆည်းထားချင်တဲ့ App တွေကို ရွေးချယ်လိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့် App တွေကို ဖုန်းထဲမှာအလွယ်တကူ ရှာလို့ရတော့မှာမဟုတ်ပါဘူး။