အခုအချိန်ဟာ စမတ်ဖုန်းအသစ်ဝယ်ယူမယ်ဆိုရင် မြန်မာငွေတန်ဖိုးကျဆင်းနေတာကြောင့် ယခင်တုန်းကထက်ပိုပြီး ပေးရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စမတ်ဖုန်းအသစ်တွေကို ဝယ်ယူမယ့်အစား ကိုယ်အသုံးပြုနေတဲ့ဖုန်းကိုပဲ အသစ်လိုမျိုး ပြန်လည်ခံစားရအောင် ပြုလုပ်ပေးနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Battery ကို အသစ်လဲပါ

များသောအားဖြင့် ကိုယ့်ဖုန်းကို အသစ်နဲ့လဲချင်တတယ်ဆိုတာက ဖုန်းက ဝယ်တုန်းကလောက် Battery မခံတော့တာကလည်း အဓိကအချက်အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Battery မခံတော့လို့ ဖုန်းအသစ်မလဲနိုင်သေးရင် ဆောင်ရွက်သင့်တာကတော့ Battery ကိုပဲ အသစ်လဲလှယ်လိုက်တာဖြစ်ပါတယ်။ ဒါက စျေးနှုန်းအရလည်း ဖုန်းအသစ်လဲတာထက် အများကြီးပိုသက်သာသလို ဝယ်ယူတုန်းကအတိုင်း Battery ပြန်ပြီး ခံလာစေမှာဖြစ်ပါတယ်။

(2) ဖုန်းရဲ့ Storage ကို ပြန်ရှင်းပါ

နောက်ထပ် ဖုန်းအသစ်လဲချင်နေတဲ့အကြောင်းပြချက်ကတော့ ဖုန်းက ယခင်ကလိုမျိုးမဟုတ်တော့ဘဲ အသုံးပြုရတာ နှေးကွေးလာတာကြောင့်ဖြစ်ပါတယ်။ ဒီအတွက် အဓိကအကြောင်းပြချက်ကတော့ ကိုယ်ထည့်သွင်းထားတဲ့ File တွေ၊ Application တွေက ပြည့်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပြန်ပြီးမြန်ဆန်စေဖို့အတွက် အသုံးမဝင်တော့တဲ့ File တွေ၊ Application တွေကို ပြန်ပြီးဖျက်ထားသင့်ပါတယ်။ အ‌‌ေကာင်းဆံုးကတော့ ကိုယ့်အတွက်အရေးကြီးတဲ့ Data တွေကို Backup ပြုလုပ်ပြီး Factory Reset လုပ်လိုက်တာက ကိုယ့်ဖုန်းကို အသစ်အတိုင်းပြန်ဖြစ်စေမှာပါ။

(3) Charging Port ကို သန့်ရှင်းရေးလုပ်ပါ

ဒါကတော့ စမတ်ဖုန်းကို အသုံးပြုတာအချိန်ကြာလာပြီဆိုရင် ဖြစ်တတ်တဲ့ အားသွင်းတဲ့အချိန်မှာ အားမဝင်တော့တာ၊ အားအဝင်နှေးတာတွေအတွက် ဆောင်ရွက်ရမယ့်အချက်ဖြစ်ပါတယ်။ အခုလိုမျိုး Charging ပိုင်းနဲ့ ပတ်သက်တဲ့ပြဿနာတွေက ဖုန်းကြောင့်ဖြစ်တာထက် Charging Port မှာ ညစ်ပတ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းရဲ့ Charging Port ကို သန့်ရှင်းရေးပြုလုပ်တာကလည်း အခုပြဿနာကို ဖြေရှင်းနိုင်တတ်ပါတယ်။ နောက်ထပ်ရှိတာကတော့ အသုံးပြုတဲ့ Charger ကိုလည်း အရည်အသွေးကောင်းတာပဲ အသုံးပြုသင့်ပြီး လုံးဝအဆင်မပြေဘူးဆိုရင်လည်း Charging Port ကိုပဲ သီးသန့် လဲလှယ်နိုင်ပါတယ်။

(4) Phone Case နဲ့ Tempered Glass တွေကို အသစ်လဲပါ

ဒါကတော့ လူတော်တော်များများမပြုလုပ်တတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဖုန်းကို ဟောင်းနေပြီလို့ အဓိကခံစားရစေတဲ့အချက်က ဒီလိုမျိုး ညစ်ပေနေတဲ့ ဖုန်း Case နဲ့ ကွဲအက်နေတဲ့ Tempered Glass တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် လုံးဝသုံးမရတော့မှ အသစ်ဝယ်မယ့်အစား ကိုယ့်ဖုန်းက ဟောင်းနေပြီလို့ ခံစားနေရပြီဆိုရင် အခုလိုမျိုးအသစ်လဲလှယ်တာကလည်း ပြုလုပ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

(5) Wallpaper နဲ့ App Widget တွေ၊ Launcher တွေပြောင်းလဲပါ

အပေါ်ကပြောခဲ့သလိုမျိုးပဲ ကိုယ့်ဖုန်းကို ဟောင်းနေပြီလို့ အဓိကခံစားရစေတာကတော့ တစ်မျိုးထဲကိုပဲ အချိန်ကြာမြင့်စွာသုံးစွဲနေတာကြောင့်လည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် စိတ်ကို အပြောင်းအလဲဖြစ်စေဖို့အတွက် Wallpaper ကို လုံးဝပြောင်းလဲလိုက်တာ၊ Widget အသစ်တွေ၊ Launcher အသစ်တွေနဲ့ ဖုန်းပုံစံကို ပြောင်းလဲလိုက်တာကလည်း ဖုန်းအသစ်တစ်လုံးကို အသုံးပြုနေရသလို ခံစားရစေမှာပါ။

ဒါကတော့ ကိုယ့်ဖုန်းက ဟောင်းနေပြီလို့ ခံစားရပေမယ့် ဖုန်းအသစ်လဲလှယ်ဖို့ မတတ်နိုင်သေးဘူးဆိုရင် ဆောင်ရွက်သင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအခြေအနေဟာ စျေးပိုပေးပြီး စမတ်ဖုန်းအသစ်လဲလှယ်တာထက် တခြားသောအရေးကြီးတဲ့အချက်တွေကို ပိုပြီးဆောင်ရွက်သင့်ပါတယ်။

Ref – Life Hacker