ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီ HTC ကတော့ စမတ်ဖုန်းရပ်ဝန်းထဲကနေ လက်မြှောက်အရှုံးပေးပြီး ထွက်ခွာသွားတယ်ဆိုတဲ့ မှတ်တမ်းဆိုးမဖြစ်ရအောင် အစွမ်းကုန် ရုန်းကန်လှုပ်ရှားနေတာကို တွေ့မြင်ရပါတယ်။ ကုမ္ပဏီရဲ့ ဦးဆောင်မှုကဏ္ဍတွေကို အပြောင်းအလဲလုပ်ခဲ့ပြီး မဟာဗျူဟာအသစ်တွေနဲ့ ဆုံးရှုံးခဲ့တဲ့ နေရာတစ်နေရာကို ပြန်ရဖို့ တိုက်ပွဲဝင်နေတာက ထင်ရှားပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်က HTC Desire 20 Pro နဲ့ပတ်သက်တဲ့ သတင်းအချို့ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အစ တစ်စထွက်လာပြီဆိုရင် နောက်ထပ်သတင်းတွေက အမျှင်တန်းပြီးလိုက်လာတာ ထုံးစံပဲမို့ အခုလည်း ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုအချို့ ထပ်ပြီး ထွက်လာတာကို တွေ့မြင်ရပါပြီ။

HTC Desire 20 Pro နဲ့ပတ်သက်တဲ့ ပုံရိပ်ကတော့ နာမည်ကျော် Leakster ဖြစ်တဲ့ @evleaks ဆီကတစ်ဆင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီဟန်းဆက်ရဲ့ ဒီဇိုင်းနဲ့ ကုဒ်နံပတ်ကို “Bayamo” အဖြစ် ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။ ပေါက်ကြားမှုအရသိလာရတာက ဒီဟန်းဆက်ဟာ HTC ရဲ့ ပထမဆုံး Punch-hole နဲ့ ဟန်းဆက်ဖြစ်လာမယ်ဆိုတာပါပဲ။

ဟန်းဆက်ရဲ့ပုံစံက ခေတ်စားနေတဲ့ ဒီဇိုင်းပုံစံတွေနဲ့တော့ အနည်းငယ်ကွဲပြားနေတုန်းပါပဲ။ သူ့ရဲ့ မျက်နှာပြင်ကိုလည်း Flat အတိုင်း ထားရှိနေတုန်းပါပဲ။ အကယ်၍ မြင်တွေ့၊ ကြားသိရတဲ့အတိုင်း အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ Bezel တွေက အတော်လေး ပါးလွှာလာမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် အပေါ်နဲ့အောက် Bezel တွေက အပြောင်းအလဲတစ်ခုကို မြင်သာစေမယ်လို့ မျှော်လင့်ရတာပါ။

ကျောဘက်မှာ ရှိနေတဲ့ ကင်မရာလေးလုံး တပ်ဆင်ထားပုံကတော့ OPPO ရဲ့ Reno 3 ကို သတိရစေပါတယ်။ ကင်မရာတွေကို အထက်အောက် တန်းစီပြီး နေရာချထားတယ်ဆိုပေမယ့် နှစ်လုံးတစ်တွဲ ချိတ်ဆက်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ LED ဖလက်ရှ်ကတော့ ကင်မရာအိမ်ရဲ့ ပြင်ပမှာ သီးသန့်တည်ရှိနေတာပါ။

ကျောပြင်မှာ လက်ဗွေဖတ်စနစ်ကို တပ်ဆင်ထားတာကြောင့် ဒီဟန်းဆက်ဟာ အဆင့်မြင့်တန်းထဲကမဟုတ်ဘဲ အလယ်အလတ်တန်းထဲကပဲလို့ မြင်တာနဲ့သိစေနိုင်ပါတယ်။ ပြီးခဲ့တဲ့ Geekbench ဖော်ပြမှုအရ Snapdragon 660 (ဒါမှမဟုတ်) 665 chipset အသုံးပြုထားတာဖြစ်သလို 6GB of RAM နဲ့ တွဲဖက်ပေးထားတာကို သိခဲ့ရပါတယ်။ အခြားပေါက်ကြားသတင်းတစ်ခုမှာတော့ HTC Desire 20 Pro ဟာ 3.5mm headphone jack နဲ့ဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

Ref: GSM Arena