HTC ဟာ စမတ်ဖုန်းကမ္ဘာမှာ ရှင်သန်ကျန်ရစ်ဖို့ ရုန်းကန်နေရတဲ့ ကုမ္ပဏီဆိုရင်လည်း မမှားပါဘူး။ ဦးဆောင်သူကဏ္ဍကို အပြောင်းအလဲလုပ်ရုံသာမက၊ ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ပတ်သက်တဲ့ မဟာဗျူဟာကိုလည်း အပြောင်းအလဲလုပ်ခဲ့ပေမယ့် အခုအချိန်အထိတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မတွေ့ရသေးပါဘူး။

ဒါပေမယ့်လည်း ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဟာ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်နေတာတွေ့ရပြီး ပွဲဦးထွက် Wireless Hearable ကို မိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း HTC U Ear ကို FCC မှာ တွေ့မြင်လာရတယ်လို့ ဆိုပါလိမ့်မယ်။

HTC U Ear ကို မြင်တွေ့လိုက်ရချိန်မှာ လွန်ခဲ့တဲ့ရက်အနည်းငယ်က OnePlus ရဲ့ကြိုးမဲ့နားကြပ်ဟာ AirPods နဲ့ ခပ်ဆင်ဆင်တူတယ်လို့ရေးသားခဲ့တာကို သတိရမိပါတယ်။ အကြောင်းက ပေါက်ကြားလာတဲ့ HTC U Ear ဓါတ်ပုံကိုမြင်တွေ့ရတဲ့အခါ နောက်ထပ် AirPods ပုံစံတူ နားကြပ်တစ်မျိုးကို တွေ့လိုက်ရပြန်ပြီလို့ ခံစားနေရလို့ပါပဲ။

ဟုတ်ပါတယ်။ ဒီဇိုင်းပိုင်းသာ ခပ်ဆင်ဆင်ဖြစ်ပေမယ့် အတွင်းပိုင်းက ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုထားတဲ့ နည်းပညာ စတာတွေကတော့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် First impression လို့ဆိုရမယ့် ပြင်ပဒီဇိုင်းက ကြိုးမဲ့နားကြပ်လောကမှာ သြဇာကြီးတဲ့ ထုတ်ကုန်ရဲ့ဒီဇိုင်းနဲ့ လုံးဝခြားနားမနေတာကတော့ စိတ်ပျက်ရပါတယ်။

ပြောင်လက်နေတဲ့ အနက်ရောင်ကိုယ်ထည်နဲ့ ကြိုးမဲ့နားကြပ်ကို Cube-shape box နဲ့အတူ တွေ့မြင်ရတာဖြစ်ပြီး ဘေးနားမှာလည်း USB-C အားသွင်းကြိုးက ရှိနေပါသေးတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးမလား၊ မပေးဘူးလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် HTC U Ear ကို ဈေးကွက်ထဲဝင်လာချိန်မှာ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena