တချိန်က ရေပန်းစားအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့တဲ့ HTC ထံမှ စမတ်ဖုန်းသစ်ကို မမြင်ရတာ လနဲ့ချီနေခဲ့ပါပြီ။ ဒါပေမယ့် ၂၀၂၀ ထဲမှာတော့ စမတ်ဖုန်းဈေးကွက်ကို ပြန်ခြေဦးလှည့်လာမယ်လို့ ပြောထားတဲ့ HTC ဟာ ယနေ့မှာ HTC Wildfire R70 အမည်ရ ဟန်းဆက်အသစ်ကို အိန္ဒိယနဲ့ ထိုင်းဈေးကွက်တွေမှာ မိတ်ဆက်လာခဲ့ပါတယ်။

Wildfire R70 ရဲ့နောက်ဘက်မှာ 16MP f/1.75 အဓိကကင်မရာဦးဆောင်တဲ့ Triple-camera ပါဝင်သလို ရှေ့ဘက်မှာလည်း 1080p ဗီဒီယိုရိုက်ကူးနိုင်တဲ့ 8MP ဆဲလ်ဖီကင်မရာငယ်ပါပါတယ်။ နောက်ဘက်က အခြား Sensor နှစ်ခုကတော့ 2MP Macro နဲ့ Bokeh Effect အတွက် 2MP Depth Sensor တို့ပါ။ Fingerprint ကိုလည်း နောက်ဘက်မှာပဲ ထည့်သွင်းထားတယ်။

HTC Wildfire R70 ရဲ့ရှေ့မျက်နှာစာမှာ 6.53” လက်မ LCD Display ပါဝင်ပြီး ဆဲလ်ဖီကင်မရာကိုတော့ Teardrop Notch နဲ့ထည့်သွင်းထားတယ်။ အတွင်းမှာ MediaTek Helio P23 ချစ်ပ်ဆက်နဲ့အတူ 2GB RAM မန်မိုရီကို တွဲဖက်ထားပါတယ်။ OS စနစ်က Android 9 Pie ဖြစ်ပြီး Storage ကတော့ တိုးချဲ့နိုင်တဲ့ 32GB ပါ။

4,000 mAh ဘက္ထရီအတွက် 10W Charging စနစ်ပါဝင်ပြီး Dual-SIM အမျိုးအစားဖြစ်ပါတယ်။ Aurora Blue နဲ့ Night Black ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မယ့် Wildfire R70 ဟန်းဆက်ဟာ မကြာခင်သက်ဆိုင်ရာဈေးကွက်တွေမှာ ရောင်းချမှာဖြစ်ပေမယ့် ဈေးနှုန်းကိုတော့ မဖော်ပြလာသေးပါဘူး။

Ref – GSM Arena