Xioami ဟာ သူ့ရဲ့အမှတ်တံဆိပ်အောက်မှာ စမတ်ဖုန်းတွေပဲ ထုတ်လုပ်ရောင်းချနေတာတော့ မဟုတ်ပါဘူး။ နည်းပညာကိုအခြေခံပြီး ဂေဟစနစ်တစ်ခုထူထောင်ရင်း Mouse တွေ၊ Keyboard တွေအပါအဝင် အခြားအီလက်ထရောနစ် အသုံးဆောင်ပေါင်းများစွာကိုလည်း ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

Xiaomi အမှတ်တံဆိပ်အောက်က ထုတ်ကုန်အများစုကို တရုတ်နိုင်ငံတွင်းဈေးကွက်မှာပဲ ဖြန့်ချိရောင်းချနေတယ်ဆိုပေမယ့် အချို့ထုတ်ကုန်တွေကတော့ နိုင်ငံတကာဈေးကွက်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ Mi Portable Wireless Mouse ကလည်း တစ်ခုအပါအဝင်ပါ။

တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဟာ Mi Smart Mouse အမည်နဲ့ ထုတ်ကုန်သစ်တစ်ခုကို မကြာခင်မှာကြေညာသွားဖွယ်ရှိနေပြီး ဒီ Mouse ဟာ Bluetooth SIG စာရင်းမှာတောင် တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဖော်ပြချက်အရတော့ မော်ဒယ်နံပါတ် XASB01ME လို့တွေ့မြင်ရပြီး ဒီ Mouse မှာ Speech recognition နဲ့ ဘာသာပြန်ခြင်းအတွက် ထောက်ပံ့မှုတွေပေးထားတယ်လို့ သိရပါတယ်။

Mi Smart Mouse ဟာ 4,00 DPI ဖြစ်ပြီး လွန်ခဲ့တဲ့လအနည်းငယ်က Xiaomi မိတ်ဆက်ခဲ့တဲ့ Voice input ထောက်ပံ့မှုပါတဲ့ Keyboard နဲ့ နည်းပညာချင်း တူညီမယ်လို့ ယူဆရပါတယ်။ ဒီ Mouse ဟာ Bluetooth 5.0 နဲ့ ချိတ်ဆက်နိုင်တဲ့အပြင် Wi-Fi ကိုလည်း ချိတ်ဆက်နိုင်မှာပါ။ ဒါ့အပြင် အားပြန်သွင်းနိုင်တဲ့ Built-in battery လည်း ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ Mi Smart Mouse ကို ဘယ်အချိန်မှာ ကြေညာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Gizmochina