ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေဟာ Fast Charging ပိုင်းကို သေချာအာရုံစိုက်လာပြီး စမတ်ဖုန်းကုမ္ပဏီအချို့ကလည်း 100W အထက် Fast Charging နည်းပညာတွေကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ Mi 10 Ultra နဲ့ iQOO 5 Pro 5G ဖုန်းတွေကပဲ 120W Fast Charging နည်းညာကို အသုံးပြုထားတဲ့ စမတ်ဖုန်းလို့ပြောရမှာပါ။

ဒါပေမယ့်လည်း မကြာခင်မှာ realme ၊ OPPO နဲ့ တခြားသော ကုမ္ပဏီတွေက 100W အထက် Fast Charging Support လုပ်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ OPPO နဲ့ realme တို့ရဲ့ 125W Fast Charging စနစ်က အမြန်ဆန်ဆုံးဖြစ်နေပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ တရုတ်နိုင်ငံ 3C Agency ကနေတစ်ဆင့် 135W Huawei Charger တစ်ခုကို Certification ရယူလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ 135W Charger ရဲ့ Model Number အနေနဲ့ကတော့ HW-200675CP0 ဆိုပြီး သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

Huawei ရဲ့ 135W Charger ဟာ အနိမ့်ဆုံး 15W ဖြစ်တဲ့ 5V/3A ကနေ အမြင့်ဆုံး 135W ဖြစ်တဲ့ 20V/6.75A အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Huawei Mate 40 Series မှာ 66W SuperCharge နည်းပညာကိုပဲ သုံးစွဲထားဆဲဖြစ်တဲ့အတွက် အခုလိုမျိုး 135W Fast Charging နည်းပညာဟာ ၂ ဆနီးပါး ပိုပြီးမြန်ဆန်လာစေမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ 135W Fast Charging စနစ်ကို လာမယ့်လပိုင်းအတွင်း မိတ်ဆက်သွားမယ့် Huawei P50 Series သို့မဟုတ် နှစ်ကုန်ပိုင်းမှပဲ Mate 50 Series မှာ ထည့်သွင်းလာဖို့များနေပါတယ်။

Ref – GSM Arena