Huawei အပြင် ကုမ္ပဏီအခွဲဖြစ်တဲ့ Honor ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းစျေးကွက်အပြင် Laptop စျေးကွက်ထဲကိုပါ ဝင်ရောက်လာပြီဖြစ်ပါတယ်။ အခုလည်း လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ Ultrabook နဲ့ ပုံမှန် Laptop အမျိုးအစားမျိုးစုံအပြင် Gaming Laptop စျေးကွက်ကိုလည်း ဝင်ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ တရုတ်နိုင်ငံတွင်းသတင်းဌာနတွေကနေ သိရှိခဲ့ရတာဖြစ်ပြီး အစောဆုံးအနေနဲ့ လာမယ့် သြဂုတ်လအတွင်းမှာ Huawei နဲ့ Honor ကုမ္ပဏီတို့ရဲ့ Gaming Laptop အသီးသီးကို မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ Gaming Laptop တွေဟာ Huawei နဲ့ Honor တို့ရဲ့ ကုမ္ပဏီ Branding ပဲကွာခြားနိုင်ပြီးတော့ Design ပိုင်းနဲ့ Specification ပိုင်းတွေမှာတော့ အများအပြားကွာခြားသွားမှာမဟုတ်ပါဘူး။

Honor Brand ရဲ့ Head အဖြစ်တာဝန်ယူထားတဲ့ Zhao Ming ကတော့ Gaming Laptop စျေးကွက်ဟာ Honor ကုမ္ပဏီအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ စျေးကွက်တစ်ခုဖြစ်တယ်လို့ ယခင်ကတည်းက ပြောကြားခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ ပြောကြားချက်တွေထဲမှာ ဓါးကောင်းတစ်လက်ရဖို့အတွက် အချိန်နှစ်နဲ့ချီပြီး သွေးရသလိုပဲ Gaming Laptop စျေးကွက်ထဲကို ဝင်ရောက်ဖို့လည်း အချိန်နှစ်နဲ့ချီပြီး ပြင်ဆင်နေတယ်ဆိုတာကလည်း ပါဝင်ခဲ့တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ Gaming Laptop စျေးကွက်ထဲကို ဝင်ရောက်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

လက်ရှိ Gaming Laptop အများစုဟာ Intel ရဲ့ 10th Generation Processor သို့မဟုတ် AMD Ryzen 4000 Series Processor တွေကိုအသုံးပြုနေကြပါတယ်။ Huawei နဲ့ Honor တို့ကတော့ စျေးလည်းပိုသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာ ချီးကျူးမှုတွေခံနေရတဲ့ Ryzen 4000 Series Processor တွေကိုပဲ အသုံးပြုသွားဖို့ ဖြစ်နိုင်ခြေပိုများနေပါတယ်။

Huawei နဲ့ Honor Brand Laptop တွေလိုမျိုးပဲ အဆိုပါ Gaming Laptop တွေဟာ Build Quality ပိုင်းကောင်းမွန်ပြီး မြင့်မားတဲ့ Screen-to-Body Ratio Display နဲ့ တခြားသော Huawei Share လိုမျိုး ကိုယ်ပိုင် Feature တွေပါဝင်လာနိုင်ခြေရှိနေပါတယ်။

Ref – Giz China