Huawei နဲ့ ZTE တို့ဟာ ဆက်သွယ်ရေးပစ္စည်းကိရိယာ ထောက်ပံ့သူတွေလည်းဖြစ်တာကြောင့် တရုတ်ရဲ့ 5G အခြေစိုက်စခန်းတွေအတွက်လည်း အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်က နည်းပညာဆိုင်ရာပိတ်ပင်မှုတွေပြုလုပ်ပြီးချိန်မှာ ဒီအခြေစိုက်စခန်းတွေ ဆောက်လုပ်မှုကလည်း နှေးကွေးသွားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

တရုတ်ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေရဲ့ အလုပ်က နှေးကွေးတယ်ဆိုတာဟာ ယုံတမ်းလိုဖြစ်နေနိုင်ပေမယ့် အမှန်တကယ်ဖြစ်ပျက်နေတာပါ။ အကြောင်းက အမေရိကန်ရဲ့ နည်းပညာတားမြစ်ချက်နဲ့ ငြိစွန်းတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကြောင့် ဖြစ်ပါတယ်။ အခြေစိုက်စခန်းတည်ဆောက်မှုအတွက် ဒီနည်းပညာကုမ္ပဏီကြီးနှစ်ခုလုံးက တာဝန်ယူထားတဲ့ ပမာဏက ၈၀% ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီနှေးကွေးမှုဟာ တရုတ် Carrier တွေရဲ့ 5G အပေါ်ရင်းနှီးမြှုပ်နှံတဲ့ မဟာဗျူဟာရဲ့ ပါဝင်သက်ရောက်မှုလည်း မကင်းဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Huawei နဲ့ ZTE တို့ဟာ သူတို့ရဲ့ 5G ထုတ်ကုန်အချို့ကို ဒီဇိုင်းပြန်လည်ရေးဆွဲဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အမေရိကန်နည်းပညာပိုင်းဆိုင်ရာကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖယ်ထုတ်သွားဖို့လိုနေတာ ဖြစ်ပါတယ်။

Nikkei ရဲ့ ဖော်ပြချက်အရ ဒီကုမ္ပဏီနှစ်ခုစလုံးရဲ့ 5G အခြေစိုက်စခန်းတွေအတွက် ဆက်စပ်တဲ့ ထုတ်ကုန်တင်ပို့ရောင်းချမှုတွေဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက နှေးကွေးလာခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လအစမှာတော့ ရပ်ဆိုင်းလုနီးပါးလည်း ဖြစ်လာခဲ့ပါတယ်။ အလားတူပဲ Huawei ကလည်း ဒီဇိုင်းအချို့ကို ပြောင်းလဲနေရသလို၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာအသုံးပြုတဲ့ ပစ္စည်းကိရိယာအချို့ကို အစားထိုးနေရတယ်လို့ သိရပါတယ်။

Ref: Gizmochina