Huawei ဟာ ပြီးခဲ့တဲ့ လတုန်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ သူတို့ရဲ့ Flagship store ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ယူကေမှာလည်း Experience Store သစ် သုံးခု ထပ်ပြီးဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Huawei ဟာ လန်ဒန် နဲ့ မန်ချက်စတာ မှာ စတိုးသုံးခုထပ်ဖွင့်ဖို့အတွက် ပေါင် ၁၀ သန်းလောက်အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယူကေရဲ့ High street မှာလည်း ပထမဆုံး ကိုယ်ပိုင်အမှတ်တံဆိပ်စတိုးကို ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါဟာ ဒေသတွင်းမှာ အလုပ်အကိုင် ၁၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ်လို့လည်း ကုမ္ပဏီက ပြောပါသေးတယ်။

Huawei ရဲ့ အစီအစဉ်ဟာ ပထမဆုံး စတိုးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း လန်ဒန်ရဲ့ Olympic Park, Stratford မှာ  ဖွင့်လှစ်သွားဖို့ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ လက်လီရောင်းချမှုနဲ့ ဝန်ဆောင်မှုစင်တာတွေကိုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ နောက်နှစ်မှာတော့ လန်ဒန်မှာလည်း နောက်ထပ် Experience store တွေ ဆက်ဖွင့်သွားဖို့ ရှိနေပါသေးတယ်။

တရုတ်ကုမ္ပဏီကြီးဟာ လန်ဒန်ရဲ့ ဝင်ဘာလေမှာလည်း Huawei Service Center ကို ပြီးခဲ့တဲ့ဇွန်လကတည်းက ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ Experience Store အသစ်ရဲ့နောက်ကွယ်ကရည်ရွယ်ချက်ဟာ Smartphones, laptops, tablets, headphones, earbuds, smartwatches, fitness bands, speakers စတာတွေအပါအဝင် သုံးစွဲသူတွေလည်း Huawei ရဲ့ ထုတ်ကုန်တွေအကြား အပြန်အလှန်ဆက်သွယ်နိုင်ကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei အနေနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ဗြိတိန်ရဲ့ 5G အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ခွင့် တားမြစ်ခံခဲ့ရပေမယ့် အခုလိုမျိုး ပေါင် ၁၀ သန်းရင်းနှီးမြှုပ်နှံပြီး စတိုးသစ်သုံးခု ဖွင့်လှစ်မယ်လို့ ကြေညာလိုက်တာဟာ အတော်လေးကို သွေးကောင်းတဲ့ ဆုံးဖြတ်ချက်ပဲလို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina