လွန်ခဲ့တဲ့ ၂ နှစ်တာကာလကစပြီး Huawei အနေနဲ့ သူ့ရဲ့ အရောင်းအဝယ်နဲ့ ကုမ္ပဏီလည်ပတ်မှုကဏ္ဍတွေမှာ ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အားလုံးသိပြီးသားဖြစ်တဲ့ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ဓါးစာခံဖြစ်ခဲ့ရတာကြောင့်ပါပဲ။

အမေရိကန်ရဲ့ ပိတ်ပင်မှုတွေထဲမှာ 5G ကွန်ရက်ဆိုင်ရာလုပ်ငန်းတွေလည်းပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေကို အမေရိကန်တင်မက၊ မိတ်ဖက်မဟာမိတ်နိုင်ငံတွေမှာလည်း ပိတ်ပင်ခြင်းခံခဲ့ရတာပါ။ အခု အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်တစ်ယောက်ရှုံးနိမ့်သွားတဲ့နောက်၊ Huawei က ဗြိတိန်နိုင်ငံအနေနဲ့ ကုမ္ပဏီရဲ့ 5G equipment တွေ ထောက်ပံ့မှုကို ပိတ်ပင်တာနဲ့ပတ်သက်ပြီး ပြန်စဉ်းစားပေးဖို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

Huawei ရဲ့ ဒုတိယဥက္ကဋ္ဌ Victor Zhang က The Guardian နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “အမေရိကန်အစိုးရသစ်အနေနဲ့ မတူညီတဲ့ချဉ်းကပ်မှုကို ရွေးချယ်ကောင်းရွေးချယ်လိမ့်မယ်” လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အစိုးရအပြောင်းအလဲမှာ မူဝါဒအပြောင်းအလဲကို မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

အစောပိုင်းကတော့ ယူနိုက်တက်ကင်းဒမ်းကလည်း လုံခြုံရေးပိုင်းဆိုင်ရာမှာ တင်းကျပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် Carriers တွေကို Huawei နဲ့ လက်တွဲလုပ်ဆောင်ခွင့်ပြုခဲ့ပါသေးတယ်။ ဒါပေမယ့် Trump နဲ့ Johnson တို့ရဲ့ တွေ့ဆုံမှုနောက်ပိုင်း ဗြိတိန်ရဲ့ မူဝါဒကလည်း ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗြိတိန်ကလည်း နိုင်ငံ့လုံခြုံရေးခေါင်းစဉ်အောက်ကနေ Huawei ကို ပိတ်ပင်တဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားတာပါ။

Victor Zhang ကတော့ တွေ့ဆုံမေးမြန်းခန်းမှာ ဗြိတိန်အနေနဲ့ ပထမဆုံးစက်မှုတော်လှန်ရေးရဲ့ရင်းမြစ်အဖြစ် ဆက်လက်တည်ရှိနေစေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ 5G တော်လှန်ရေးမှာ နောက်ကျကျန်ခဲ့နိုင်တယ်လို့လည်း ထပ်ပြီးပြောဆိုခဲ့ပါသေးတယ်။ ယူနိုက်တက်ကင်းဒမ်းအနေနဲ့ မျှတတဲ့တိုင်းပြည်တစ်ခုအဖြစ်မြင်တွေ့လိုပါက “ကမ္ဘာ့အဆင့် ဆက်သွယ်မှုစနစ်” မှာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ဒါဟာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးမညီမျှမှုကွာဟချက်ကို နီးကပ်သွားစေမှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

Ref: GSM Arena