Huawei Myanmar က ပြည်တွင်းတွင် အစပြုလျက်ရှိသော စီးပွားရေးလုပ်ငန်းများ၏ စံနှုန်းကို အတိုင်းအတာတစ်ခုထိရောက်အောင် မြှင့်တင်ရန် ရည်ရွယ်၍ “Leadership, Culture & Connectivity” ဟူသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ယခုအွန်လိုင်း ဆွေးနွေးပွဲတွင် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို မည်သို့ လုပ်ကိုင်သင့်ကြောင်း၊ ဈေးကွက်အတွင်း တည်ငြိမ်သော စီးပွားရေး အနေအထားတစ်ခု ရရှိလာရန် မည်သို့ထိန်းသိမ်းသင့်သည့်အကြောင်း စသည့် အကြောင်းအရာများကို အဓိက ဆွေးနွေးခဲ့ကြသည်။

ဆယ်စုနှစ် (၂) ခုအတွင်း အသေးစားစီးပွားရေးလုပ်ငန်းမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုကြီးအသွင်သို့ ပြောင်းလဲလာခဲ့သော အတုယူဖွယ်ရာ Huawei ၏ စီးပွားရေးသမိုင်းကြောင်းအကြောင်းကို အထူးဖော်ပြထားသည့် “Huawei: Leadership, Culture, and Connectivity” စာအုပ်ကို ‘ငါတို့စာပေ’ မှ “Huawei ခေါင်းဆောင်မှု၊ အစဉ်အလာနှင့် ဆက်သွယ်နိုင်စွမ်းရှိမှု” အမည်ဖြင့် မြန်မာဘာသာသို့ ဘာသာပြန်ဆိုဖြန့်ချိပြီးနောက် အဆိုပါ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်တွင် Huawei တည်ထောင်သူ Ren Zhengfei ၏ လုပ်ငန်း လုပ်ဆောင်ပုံများနှင့်အတူ သူစတင်ခဲ့သည့် ကုမ္ပဏီကို ထိပ်ဆုံးသို့ ရောက်ရှိလာအောင် မည်သို့ဆောင်ရွက်ခဲ့သည့်အကြောင်းများအပါအဝင် Huawei ကို အဘယ်ကြောင့် ပုဂ္ဂလိကပိုင် မဟုတ်ဘဲ အစုရှယ်ယာပိုင် ကုမ္ပဏီအဖြစ် လူသိများရခြင်း အကြောင်းအရင်းများ၏ နောက်ကွယ်မှ အကြောင်းအရာများအားလုံးကို စိတ်ဝင်တစား‌ ဖတ်ရှုနိုင်မည်ဖြစ်သည်။ စာဖတ်ဝါသနာရှင်များအနေဖြင့် Huawei ၏ အသေးစားလုပ်ငန်းအဆင့်မှ နိုင်ငံတကာ ကုမ္ပဏီကြီး ဖြစ်လာသည်ထိ အောင်မြင်မှုလမ်းစဉ် တစ်လျှောက်လုံး အပါအဝင် Huawei ကို စတင်တည်ထောင်သူ၏ စီးပွားရေးနည်းဗျူဟာ၊ ဦးစီးဦးဆောင်မှုစွမ်းရည်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဝါဒတို့ကို လေ့လာနိုင်ရုံမျှမက မိမိကိုယ်ပိုင်လုပ်ငန်းအတွက် အကြံဉာဏ်များ၊ စိတ်အားထက်သန်မှုများနှင့် စိတ်ဓာတ်ခွန်အားတို့ကိုပါ ရရှိနိုင်စေမည့် စာအုပ်တစ်အုပ်လည်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် မအိမ့်ဖူးဖူးအောင်က အဓိက ခေါင်းစဉ်ဖြစ်သည့် “Leadership, Connectivity and Culture” ကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ၏အရေးပါပုံကိုလည်း ရှင်းပြပေးခဲ့သည်။ Moderator ဖြစ်သည့် သူ (မ) က ” ကျွန်မတို့သိသလောက်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးရဲ့၉၀ရာခိုင်နှုန်းကျော်က ဒီ SME တွေကို အခြေခံထားတာပဲဖြစ်ပြီး နောက်တစ်ခုက မြန်မာနိုင်ငံ အလုပ်အကိုင်အခွင့်အလမ်းတွေအကုန်လုံးရဲ့ ၅၀ ကနေ ၉၅ ရာခိုင်နှုန်းလောက် ကို ဒီ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေကပဲ အဓိကပေးနေတာပါ။ ဒီဆွေးနွေးပွဲမှာတော့ စီးပွားရေးလုပ်ငန်းကို ဘယ်လိုစတင်မလဲ၊ ဘယ်လို ချဲ့ထွင်မလဲ နောက်ပြီး စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေအတွက် ဖြေရှင်းတဲ့နည်းလမ်းတွေကို ဝေမျှသွားမှာဖြစ်ပါတယ်။” ဟု ဆွေးနွေးပွဲကို အစပြုခဲ့သည်။

ဆက်လက်၍ “Power of Passion” ၏ တွဲဖက်တည်ထောင်သူ ဒေါက်တာဖြိုးသီဟ၊ “ငါတို့”စာပေ ၏ တည်ထောင်သူ ကိုစန်းမွန်အောင်နှင့် “Myanmar Imperial University” ၏ တည်ထောင်သူ မပို့ပို့ကြည်တို့က ၎င်းတို့နှင့် သက်ဆိုင်သော နယ်ပယ်များမှ စီးပွားရေးဆိုင်ရာ ဗဟုသုတများကို ဝေမျှခဲ့သည်။

ဆွေးနွေးပွဲအတွင်းတွင် ဒေါက်တာဖြိုးသီဟက “ကျွန်တော်က ဝန်ထမ်းဘဝကနေလာခဲ့တာဆိုတော့ ဒီလိုကိုယ်ပိုင်လုပ်ငန်းတွေ တည်ထောင်တဲ့အတွေ့အကြုံဟာ သူများတွေနဲ့ နည်းနည်းတော့ ကွဲပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေအတွက် အဓိကအရေးကြီးဆုံးကတော့ ကျွမ်းကျင်မှုပါပဲ။ ကိုယ် စိတ်ပါလက်ပါ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း အဲဒီကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ရှာဖွေနေတာက ကိုယ်ပိုင်အရည်အသွေးတွေကို တိုးတက်စေမှာပါ။ ဒီလို ကိုယ်ပိုင်အရည်အသွေးတိုးတက်လာတာနဲ့အမျှ ကျော်ကြားမှုလည်း ရရှိလာမှာဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာပဲ ကိုယ့်လုပ်ငန်းနဲ့ စားသုံးသူကြားက ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပေါ်လာမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

ကိုစန်းမွန်အောင် (ကလောင်အမည် – မြေမှုန်လွင်) က “မူပိုင်ခွင့်နဲ့ ပတ်သက်လာပြီဆိုရင် စွန့်ဦးတီထွင်သူ တွေဆီမှာ ရှိသင့်တာကတော့ အပြန်အလှန်လေးစားမှုနဲ့ စီးပွားရေးကျင့်ဝတ်တွေပါပဲ။ ဒီအချက်တွေကို နားလည်ရင်တော့ မူပိုင်ခွင့်တွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေကိုတောင် ရေးဆွဲစရာ လိုတော့မှာ မဟုတ်ဘူး။” ဟု စကားဝိုင်းတွင် မူပိုင်ခွင့်အကြောင်းကို အဓိကထား ဆွေးနွေးသွားခဲ့သည်။ ထပ်မံ၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုကို စောင့်ဆိုင်းနေကြတဲ့သူများအတွက် ၎င်းမှ “ပစ္စုပ္ပန်ဟာ စီးပွားရေးစတင်လုပ်ကိုင်ဖို့အတွက် အချိန်ကောင်းပါပဲ။ စွန့်စားပါ၊ အခက်အခဲတွေနဲ့ ပြဿနာတွေကို မျှော်လင့်ထားပါ။ အဲဒီတော့မှ ကိုယ်ကိုယ်တိုင် ဘယ်လိုမျိုး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလဲ သိလာမှာပါ။ တစ်ခါတလေ မှားတာကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားပါပဲ။” ဟုလည်း ပြောကြားသွားခဲ့သည်။

 

မပို့ပို့ကြည်က “ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစလုပ်ပြီလို့ စိတ်ပိုင်းဖြတ်ပြီးရင် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါ။ ကိုယ်လုပ်တဲ့အရာပေါ်မှာ ယုံကြည်မှုရှိပါ။ ကိုယ်မှာ မရှိသေးတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လေ့လာပြီး ကိုယ်ပိုင် အိုင်ဒီယာရလာအောင် ကိုယ့်ရဲ့အမြင်ကို ချဲ့ထားပါ။ ဖန်တီးနိုင်စွမ်းအားကောင်းတာဟာ ကိုယ့်ကို ဈေးကွက်ထဲမှာ သူများတွေအရှေ့ရောက်အောင် တွန်းပို့ပေးတာပါပဲ။ အရာအားလုံးဟာ အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့အတွက် ဘာလာမလဲဆိုတာကြိုတွေးပြီးပြင်ဆင်ထားပါ။ ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒကတော့ နှစ်သက်ရာ လုပ်ကိုင်ပြီး မိမိအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပါပဲ။” ဟု အကြံပေးဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးသွားသည်နှင့်အတူ Huawei Myanmar ၏ Senior PR Manager ဖြစ်သူ မမြနှင်းအိမ်က “ဒီလိုလေးစားဖို့ ကောင်းတဲ့ ဆရာ၊ဆရာမတွေနဲ့အတူ ဆွေးနွေးပွဲလုပ်ရတာ ဂုဏ်ယူစရာပါပဲ။ ‘Huawei: Leadership, Connectivity and Culture’ စာအုပ်ထွက်ရှိလာတာနဲ့အတူ ပြည်တွင်းစီးပွားရေး လုပ်ကိုင်သူတွေနဲ့၊ ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဆွေးနွေးပွဲကို ကျင်းပရတာ ပျော်စရာပါပဲ။ ဒီဆွေးနွေးပွဲအတွက် ပေးလိုက်ရတဲ့ အချိန်တွေဟာ ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ နောင်လာမယ့် ဆွေးနွေးပွဲတွေကိုလည်း ထပ်မံစောင့်မျှော်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀၂၀ ခုနှစ်တွင်လည်း Huawei သည် ICT နည်းပညာ၏ အရေးပါပုံ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်‌ရောက်လာမည့် နည်းပညာသစ်များကို အများပြည်သူများ အနေဖြင့် ပိုမိုသိရှိစေရန် ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာများ အကြောင်းကို အသားပေးဝေမျှသည့် “ICT Enhances Sustainable Outlook for New Digital Era in Myanmar” (မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ) ဆွေးနွေးပွဲကို ကျင်းပပေးခဲ့သည်။

အဆိုပါ Huawei ၏ လုပ်ငန်းသမိုင်းကြောင်းတလျှောက် ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုများဆိုင်ရာ နောက်ခံရာဇဝင်ပါဝင်သည့်“Huawei ခေါင်းဆောင်မှု၊ အစဉ်အလာနှင့် ဆက်သွယ်နိုင်စွမ်းရှိမှု” စာအုပ်ကို ဖတ်ရှုလေ့လာလိုသူများအနေဖြင့် “ငါတို့စာပေ” စာအုပ်တိုက်၏ NDSP Books Faceook စာမျက်နှာမှ မှာယူနိုင်မည် ဖြစ်သည်။ “Leadership, Culture & Connectivity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော အွန်လိုင်းဆွေးနွေးပွဲကိုလည်း Huawei (MM) နှင့် NDSP Books စာမျက်နှာများတွင် ၂၅၊၁၁၊ ၂၀၂၀ ည (၈:၀၀ ) အချိန်မှ စတင်ကာ ကြည့်ရှုနားဆင်နိုင်မည် ဖြစ်ပါသည်။

Source – HUAWEI