Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Huawei P9 စမတ်ဖုန်းအတွက် နာမည်ကြီး ဂျာမနီကင်မရာထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Leica ကုမ္ပဏီနဲ့ တရားဝင် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပူးပေါင်းမှုအပြီးမှာ Huawei Flagship ဖုန်းတွေရဲ့ ကင်မရာနည်းပညာတွေဟာ သိသိသာသာကို တိုးတက်လာခဲ့ပြီး အခုဆိုရင် ထွက်ရှိသမျှ Huawei Flagship ဖုန်းတွေက ကင်မရာအကောင်းဆုံးဆိုပြီး သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ Huawei နဲ့ Leica တို့ရဲ့ ပူးပေါင်းမှုက ရပ်ဆိုင်းလိုက်ပြီဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး ရပ်ဆိုင်းလိုက်တာကလည်း Leica ကုမ္ပဏီကို တခြားသော Chinese စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကနေ ဆက်သွယ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei ကနေ အဆိုပါသတင်းဟာ မှားယွင်းတယ်ဆိုတာကို ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က ငြင်းဆိုခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Leica ကုမ္ပဏီဘက်ကလည်း Huawei ရဲ့ ပူးပေါင်းမှုက လောလောဆယ်မှာ အပြောင်းအလဲမရှိဘဲ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ဟာ လက်ရှိအချိန်မှာ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် ကိုယ်ပိုင် Kirin Chipset တွေကို ထုတ်လုပ်နိုင်ခြင်းမရှိတော့သလို Google Mobile Service တွေကို အသုံးပြုနိုင်ခြင်းလည်း မရှိတော့ဘူးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Honor ကို ရောင်းချလိုက်တဲ့အတွက် Leica နဲ့ပါ ပူးပေါင်းမှုရပ်ဆိုင်းလိုက်မယ်ဆိုရင် တော်တော်လေးကိုနောက်ပိုင်း Flagship ဖုန်းတွေအတွက်ပါ ထိခိုက်သွားမှာဖြစ်ပါတယ်။

Ref – Android Authority