၂၀၂၀ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်ကာလမှာတော့ အင်အားကြီး စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာ တရုတ်ပြည်တွင်း စမတ်ဖုန်းစျေးကွက်ရဲ့ တစ်ဝက်နီးပါးကို ရယူပိုင်ဆိုင်ထားခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာ အရှိန်မြင့်နေတဲ့ 5G ပြောင်းလဲမှု မှာလည်း သူတို့ရဲ့ 5G စမတ်ဖုန်းတွေနဲ့ ဦးဆောင်ထားပါတယ်။

Counterpoint ရဲ့ အစီရင်ခံစာထဲမှာ Huawei ဟာ တရုတ်ပြည် စမတ်ဖုန်းစျေးကွက်ရဲ့ 46% ကို ရယူထားတာကြောင့် အဓိကပြိုင်ဘက်တွေ အားလုံးပေါင်းထားတာထက်တောင် ပိုများနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် တရုတ်ပြည် စမတ်ဖုန်း စျေးကွက် သမိုင်းတလျှောက်မှာလည်း ကုမ္ပဏီတစ်ခုတည်းက စျေးကွက်ဝေစု အများဆုံး ပိုင်ဆိုင်ထားတဲ့ စံချိန်သစ် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က အလားတူကာလနဲ့ ပြန်ယှဉ်ရင် 14% တောင် မြင့်တက်လာတာပါ။

တစ်ခုရှိတာက Huawei ဟာ နိုင်ငံတကာ စျေးကွက်မှာတော့ ကျရိပ်ပြနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလ အတွင်းမှာတောင် အခြေအနေ သိပ်မပျက်တဲ့ မိခင်စျေးကွက်ကို ပိုမို ရင်းနှီးမြုပ်နှံခဲ့တာကလည်း အကြောင်းရင်းတစ်ခု ဖြစ်မှာပါ။ တရုတ်ပြည်တွင်းမှာ စမတ်ဖုန်းစျေးကွက်ဟာ 17% ကျဆင်းခဲ့ပြီး ဒီကာလအတွင်းမှာ အဓိက ပြိုင်ဘက်တွေက စျေးကွက်နဲ့ တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ပထမ သုံးလပတ်ထက်တော့ တိုးတက်လာပါပြီ။

Huawei အနေနဲ့ အဓိက စိုးမိုးခဲ့တဲ့ အစိတ်အပိုင်းတွေထဲမှာ 5G ဟန်းဆက်စျေးကွက်လည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံ အတွင်းမှာ 5G နက်ဝပ်ပြောင်းလဲမှုနဲ့အတူ 5G စမတ်ဖုန်းသစ်တွေ ဝယ်ယူလာကြရာမှာ Huawei က 60% တောင် ပါဝင်ခဲ့ပါတယ်။ တရုတ်စျေးကွက်ကိုယ်တိုင်ကလည်း အကြီးဆုံး 5G စမတ်ဖုန်းစျေးကွက်ဖြစ်လာပြီး နောက်ဆုံးရောင်းရတဲ့ စမတ်ဖုန်းသုံးလုံးမှာ တစ်လုံးက 5G ဖြစ်တယ်လို့ စိတ်ဝင်စားစရာ ကြားသိရပါတယ်။

Ref – GizmoChina