HUAWEI ဟာ Global စျေးကွက်မှာ US နိုင်ငံရဲ့ ပိတ်ဆို့မှုတွေကြောင့် Google Service နဲ့ 5G ကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် Global စျေးကွက်မှာ HUAWEI ဖုန်းတွေဟာ ယခင်တုန်းကလိုမျိုး ရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ်နေရာယူနိုင်ခြင်းမရှိတော့ဘဲ အောင်မြင်မှုကျဆင်းသွားပြီလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် HUAWEI ဟာ တရုတ်နိုင်ငံအတွင်းမှာ ဆက်တိုက်ရောင်းအားပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ စျေးကွက် Analyst ကုမ္ပဏီတစ်ခုဖြစ်တဲ့ IDC ကနေဖော်ပြလိုက်တဲ့ စစ်တမ်းအရ HUAWEI ဟာ တရုတ်နိုင်ငံရဲ့ Foldable ဖုန်းစျေးကွက်ကို ဦးဆောင်ထားနိုင်ပြီလို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စတုတ္ထ ၃ လပါတ်ကာလအတွင်းမှာ တရုတ်နိုင်ငံအတွင်းမှာ Foldable ဖုန်းအလုံးရေ ၃ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ ၂၀၂၁ ခုနှစ်တုန်းကထက် ၁၁၈ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်ပြီး HUAWEI ဟာ အဆိုပါ Foldable ဖုန်းအားလုံးရောင်းအားရဲ့ ၄၇.၄ ရာခိုင်နှုန်းအထိ ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်း တရုတ်နိုင်ငံနိုင်ငံတွင်းမှာ ရောင်းချခဲ့သမျှ Foldable ဖုန်းတွေရဲ့ ထက်ဝက်နီးပါးဟာ HUAWEI Foldable ဖုန်းတွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကလည်း HUAWEI ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Mate X2 ၊ Mate Xs 2 ၊ P50 Pocket ၊ Pocket S စတဲ့ Foldable ဖုန်းတွေ အများအပြားကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံစျေးကွက်ရဲ့ ဒုတိယနေရာမှာ Samsung က ရောင်းအား ၁၆.၅ ရာခိုင်နှုန်းနဲ့ နေရာယူထားပါတယ်။ တတိယနေရာမှာ OPPO Find N Foldable ဖုန်းက ရောင်းအားစုစုပေါင်းရဲ့ ၁၃.၈ ရာခိုင်နှုန်းနဲ့ နေရာယူထားတယ်လို့ သိရပါတယ်။

Ref – Gizmo China