နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Huawei ဟာဆိုရင် အခုအချိန်အထိကို US အစိုးရ ရဲ့ပိတ်ပင်မှုကို ခံနေရတုန်းပဲဖြစ်ပါတယ်။ Huawei အနေနဲ့တော့ အဓိက Google Mobile Services အစား ကိုယ်ပိုင် Huawei Mobile Services (HMS) ကို ပြောင်းလဲပြီးတော့ စမတ်ဖုန်းတွေမိတ်ဆက်နေပေမယ့် မနှစ်ကလောက်တော့ ရောင်းအားကောင်းမယ့်ပုံစံမပေါ်ပါဘူး။

ဘာကြောင့်လဲဆိုရင် လက်ရှိပေါက်ကြားလာတဲ့သတင်းတွေအရ Huawei ကိုယ်တိုင်က ယခုနှစ် ၂၀၂၀ မှာ စမတ်ဖုန်းအလုံးရေ သန်း ၁၉၀ ကနေ သန်း ၂၀၀ ကြားပဲ ရောင်းချရမယ်ဆိုပြီး ခန့်မှန်းထားတယ်လို့ သိရတာကြောင့်ပါ။ အဆိုပါ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရောင်းချခဲ့ရတဲ့စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ နဲ့ ယှဥ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာဖြစ်ပါတယ်။

ဒီလိုမျိုး ရောင်းအား ကျဆင်းမယ်လို့ခန့်မှန်းထားတာက Huawei အနေနဲ့ ယခင်တုန်းကထက် စမတ်ဖုန်းတွေထုတ်လုပ်မှုကျဆင်းလာတဲ့အပြင် လာမယ့် မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Huawei P40 Series လိုမျိုး Flagship ဖုန်းတွေကလည်း တခြားသော Google Services ပါဝင်တဲ့တရုတ်နိုင်ငံထုတ် Flagship ဖုန်းတွေနဲ့ပါ ယှဥ်ပြိုင်ရဖို့ရှိနေတာကြောင့်လို့သိရပါတယ်။

Huawei အနေနဲ့ အဆိုပါ P40 Series ဖုန်းတွေကို ယခင်တုန်းကထက် စျေးနှုန်းလျော့ချပြီး ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် Google Mobile Services ပါဝင်ခြင်းမရှိတဲ့အတွက် ဥရောပနိုင်ငံတွေမှာ ရောင်းအားကောင်းဖို့ကတော့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။

Ref – Engadget