လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Huawei ဟာ အိန္ဒိယစျေးကွက်အတွက် Freebuds 3i TWS နားကြပ်တွေကို Tease လုပ်နေခဲ့ပြီး အခုတော့ ကုမ္ပဏီက တန်ဖိုး ရူပီး ၉၉၉၀ (မြန်မာငွေ တစ်သိန်းရှစ်သောင်း) နဲ့ တရားဝင်မိတ်ဆက်လိုက်ပါပြီ။ Freebuds 3i နားကြပ်တွေဟာ Carbon Black နဲ့ Ceramic White ကာလာနှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

Freebuds 3i နားကြပ်ဟာ 10mm Dynamic Driver တွေနဲ့လာပြီး Touch ထိန်းချုပ်မှုလည်း ရပါတယ်။ Earbud ပေါ်ကို လက်နဲ့ နှစ်ချက်နှိပ်လိုက်ရင် နားထောင်နေတဲ့ သီချင်းကို Pause ဒါမှမဟုတ် Play လုပ်ပေးမှာဖြစ်သလို ဖုန်းခေါ်ဆိုတာကိုလည်း ပြန်လည်ဖြေကြားနိုင်မှာပါ။ အကြာကြီးဖိထားလိုက်ရင် Noise Cancellation စနစ်ကို အဖွင့်အပိတ်လုပ်ပေးမှာဖြစ်ပါတယ်။

သုံးစွဲသူရဲ့ နားထဲမှာ ထည့်ထားရတာ အဆင်ပြေစေဖို့ အရွယ်အစားလေးမျိုးနဲ့ ဆီလီကွန်ထိပ်တွေ ထည့်သွင်းပေးထားပြီး Bud တစ်ခုစီမှာ အပြင်ဘက် မိုက်ခရိုဖုန်း ၂ ခုနဲ့ အတွင်းဘက် မိုက် ၁ ခုတို့ ပါဝင်ပါတယ်။ အပြင်ဘက် မိုက်တွေက သုံးစွဲသူရဲ့ အသံကို ဖမ်းယူပေးပြီး အတွင်းက မိုက်ကတော့ နားထဲက အသံကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

TWS Earphone အသစ်တွေမှာ Noise Cancellation ပြုလုပ်နိုင်စွမ်း ပါဝင်လာပြီး ပြင်ပအသံ ၃၂ ဒက်စီဘယ်ထိ လျော့ချပိတ်ပင်ပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Freebuds 3i မှာ Bluetooth 5.0 ပါဝင်ပြီး 5.5g သာ လေးမှာပါ။ 37 mAh ဘက္ထရီက အားတစ်ခါသွင်းထားရင် သုံးနာရီခွဲ ဆက်တိုက်အသုံးပြုလို့ ရမှာပါ။ ဒါကို 410 mAh ဘက္ထရီပါတဲ့ Charging Case ကို USB-C Port ကနေ ချိတ်ဆက်ထားမယ်ဆိုရင် ၁၄ နာရီခွဲအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – GSMArena