5G ကွန်ရက်ခေတ်သစ်ကို ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲမှာ Huawei လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ ကုန်သွယ်ရေးစစ်ကြောင့် နိုင်ငံတကာဈေးကွက်မှာ ပိတ်ပင်မှုတွေနဲ့ရင်ဆိုင်နေရပေမယ့် အမိမြေမှာတော့ ပန်းပန်လျက်ပဲလို့ ဆိုနိုင်ပါတယ်။

Huawei ကြိုးမဲ့ထုတ်ကုန်လိုင်းရဲ့ ဒုတိယဥက္ကဋ္ဌ Gan Bin က တရုတ်နိုင်ငံတွင်း 5G ကွန်ရက်ဖြန့်ကျက်ခြင်းတိုးတက်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုရာမှာ ကုမ္ပဏီရဲ့အခြေအနေကိုလည်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Gan Bin က ကုမ္ပဏီရဲ့ Global Analyst ထိပ်သီးအစည်းအဝေး ၂၀၂၀ မှာ ဒီအစီရင်ခံစာကို မျှဝေခဲ့တာပါ။

တရုတ်ရဲ့မျက်နှာဖုံး နည်းပညာကုမ္ပဏီကြီးဟာ လက်ရှိအချိန်မှာ မျိုးဆက်သစ် 5G ကွန်ရက်အခြေစိုက်စခန်းပေါင်း ၂ သိန်းကျော်ကို တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်အကုန်မှာတော့ အရေအတွက်ဟာ ၈ သိန်းအထိ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဖြန့်ကျက်နိုင်တဲ့မြို့အရေအတွက်ကလည်း ၃၄၀ အထိ ဖြစ်လာမယ်လို့ သိရပါတယ်။

5G ရဲ့မြန်နှုန်းဟာ ယေဘုယျအားဖြင့် 4G မျိုးဆက်ထက် ဆယ်ဆပိုပါတယ်။ TDD 3.5GHz အသုံးပြုထားတဲ့ Massive MIMO ဟာ 4G ကွန်ရက်ဟောင်းနဲ့ တွဲဖက်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်တွင်းပိုင်းတွေ၊ မိုးလုံလေလုံဧရိယာတွေကိုလည်း ကောင်းမွန်စွာလွှမ်းခြုံနိုင်တယ်လို့ ဆိုပါတယ်။

TDD ဟာ Uplink coverage နဲ့ Experience မှာ အကန့်အသတ်ရှိပေမယ့် FDD ကတော့ Uplink နဲ့ Downlink တွေကို မျှမျှတတ ထုတ်လွှင့်ပေးစေပါတယ်။ FDD ကတော့ အိမ်တွင်းပိုင်းလို In-depth coverage တွေကို လွှမ်းခြုံနိုင်ဖို့ ထောက်ပံ့ပေးပါတယ်။ ဒီလိုမျိုး TDD နဲ့ FDD ပေါင်းစည်းပြီး ပိုမိုကောင်းမွန်တဲ့ သုံးစွဲနိုင်မှုအတွေ့အကြုံနဲ့ ဖြန့်ကျက်နိုင်မှုကို ရရှိစေတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina