၂၀၂၀ ပြည့်နှစ်ရဲ့ ဖေဖော်ဝါရီလ အစပိုင်းမှာ Huawei ရဲ့ Mate X2 ဒီဇိုင်းမူပိုင်ခွင့်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇိုင်းမူပိုင်ခွင့်အရ Mate X2 မှာ Digital Pen လည်း ပါဝင်နေတာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီနောက်ပိုင်းမှာ Mate X2 ရဲ့ သတင်းတွေ ငြိမ်သက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတော့ Mate X2 ဟာ 120Hz display နဲ့ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းနဲ့အတူ Mate X2 အကြောင်းကလည်း မီဒီယာတွေထက်မှာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် Evan Blass က Mate X2 နဲ့ ပတ်သက်ပြီးတော့ များများစားစား ဖော်ပြနိုင်သေးတာ မဟုတ်ပါဘူး။

Evan Blass (@eveleaks) ရဲ့ တွစ်တာပေါ်က ဖော်ပြမှုမှာ Code name တွေပဲ မြင်တွေ့ရမှာပါ။ ဒါဟာ ကောလာဟလ ထွက်နေတဲ့ Device တွေ အမှန်တကယ်ရှိနေကြောင်း သက်သေပြနိုင်တာလွဲလို့ ကျန်တဲ့အချက်အလက်တွေကို ဖော်ပြနိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကံကောင်းစွာနဲ့ Mate X2 နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကိုတော့ သိခွင့်ရလိုက်ကြပါတယ်။

DSSC နဲ့ DisplaySearch ရဲ့ တည်ထောင်သူနဲ့ သုတေသနဦးစီးဖြစ်တဲ့ Ross Young က Evan ရဲ့ တွိကို Reply ပြန်ရာကတစ်ဆင့် Mate X2 ရဲ့ အချက်အလက်အချို့ ပေါ်ထွက်လာတာပါ။ Ross ရဲ့အဆိုအရ Mate X2 ဟာ Samsung Galaxy Fold နဲ့ Galaxy Z Fold 2 တို့လိုမျိုး အတွင်းဘက်ကို ခေါက်တဲ့ မျက်နှာပြင်နဲ့ ထွက်လာမယ်လို့ သိရပါတယ်။

တရုတ်အခြေစိုက် ဧရာမကုမ္ပဏီကြီးဟာ Mate X2 အတွက် Panel ရင်းမြစ်အဖြစ် Samsung Display နဲ့ BOE တို့ဆီကနေပဲ ရှာဖွေနိုင်မယ်လို့ ရည်ညွှန်းသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mate X2 မှာတော့ UTG (Ultra-Tin Glass) မြင်တွေ့ရဖို့ မလွယ်ကူပါဘူး။

Evan ရဲ့ ဖော်ပြမှုအရ Huawei ဟာ Mate X2, မျိုးဆက်သစ် Huawei Nova (nova 8 စီးရီးဖြစ်နိုင်), Huawei Y9a, Huawei FreeBuds Pro နဲ့ Huawei Watch Fit တွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။ လာမယ့် Mate 40 စီးရီးဟာ HiSilicon Kirin chipset အသုံးပြုထားတဲ့ Huawei ရဲ့ နောက်ဆုံး စမတ်ဖုန်းဖြစ်တဲ့အတွက် ထုတ်ကုန်သစ်တွေမှာ ဘယ် Chipset ကို သုံးလာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Ref: Gizmochina