Huawei ဟာ အခုနောက်ပိုင်းမှာ MateBook Series Laptop တွေကို ဆက်တိုက် မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Huawei MateBook X 2020 Model အသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Huawei ကနေ Intel ရဲ့ နောက်ဆုံးထွက် 11th Gen Tiger Lake Processor ကို အသုံးပြုထားတဲ့ MateBook အသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ Chinese Leakster တစ်ဦးဖြစ်တဲ့ “@_rogame” က Twitter Account ကနေ တစ်ဆင့် ဖော်ပြသွားခဲ့တာပါ။

Huawei MateBook အသစ်ဟာ Intel 11th Gen i7-1160G7 Processor ၊ 16GB LPDDR4x 4266MHz RAM ၊ Resolution 3000 x 2000 ရှိတဲ့ 3:2 Display ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ Storage အနေနဲ့ကတော့ 512GB SSD ပါဝင်မှာပါ။ ယခု Specification တွေဟာ Flagship အဆင့်ဖြစ်နေတဲ့အတွက် MateBook X Pro အသစ်ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။

Intel 11th Gen Tiger Lake Processor တွေဟာ Graphic ပိုင်းမှာ သိသိသာသာကို စွမ်းဆောင်ရည်ပိုကောင်းလာတဲ့အတွက် ပုံမှန် Gaming ပိုင်းကိုပါ သီးသန့် Graphic Card မလိုအပ်ဘဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Memory ပိုင်းမှာလည်း လက်ရှိ MateBook တွေမှာ အသုံးပြုနေတဲ့ LPDDR3 RAM ထက် သိသိသာသာကို ပိုမိုမြန်ဆန်လာမှာပါ။

Huawei ဟာ ယခုနှစ်အစောပိုင်းကမှ MateBook X Pro 2020 Edition ကို မိတ်ဆက်ထားတဲ့အတွက် ယခု 11th Gen Tiger Lake နဲ့ MateBook X Pro ဟာ လာမယ့်နှစ်မှ တရားဝင်ထွက်ရှိလာနိုင်ပါတယ်။

Ref – Gizmo China