နှစ်တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလဟာ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ရဲ့ အဓိကရေစီးကြောင်းလို့ဆိုရမယ့် Flagship တွေကို အပြိုင်အဆိုင် မိတ်ဆက်ကြတဲ့ ကာလပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အမှတ်တံဆိပ်ပေါင်းစုံက Flagship ပေါင်းစုံကို မြင်တွေ့ရဖို့ရှိပြီး ဒီအထဲမှာ Huawei ရဲ့ Mate 40 စီးရီးကို မေ့ထားလို့မရပါဘူး။

Huawei ဟာ ဘယ် Mate စီးရီးကိုမဆို ဆန်းသစ်တီထွင်မှုပိုင်းမှာ အဆင့်မြှင့်တင်မှုတွေ အမြဲပြုလုပ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ အခုမော်ဒယ်သစ်မှာလည်း Processor ပိုင်းမှာ 5nm node ကို ပြောင်းလဲသွားမယ်လို့ မျှော်လင့်ရသလို၊ ဒီဇိုင်းပိုင်း၊ ကင်မရာစွမ်းဆောင်ရည်နဲ့ အခြားလုပ်ဆောင်ချက်တွေလည်း တိုးတက်ပြောင်းလဲလာမယ်လို့ မျှော်လင့်ရပါတယ်။

Weibo မှာ ပျံ့နှံ့ထွက်ပေါ်လာတာကတော့ Huawei Mate 40 Pro အတွက်လို့ယူဆရတဲ့ Tampered glass ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဒီပုံရိပ်တွေက Mate 40 Pro ရဲ့ မျက်နှာပြင်ဟာ ဘယ်လိုပုံစံဖြစ်နိုင်မလဲဆိုတာကိုလည်း ပြောပြနေပါတယ်။ ပေါက်ကြားလာတဲ့ ပုံတွေအရတော့ Mate 40 Pro ဟာ Curved waterfall မျက်နှာပြင်နဲ့ဖြစ်ပေမယ့် Mate 30 Pro လောက် မျက်နှာပြင်မခုံးတော့ပါဘူး။

ဒီရက်သတ္တပတ်ရဲ့ အစောပိုင်းတုန်းကလည်း Mate 40 Pro ရဲ့ မျက်နှာပြင်ဘယ်ဘက်အပေါ်ထောင့်မှာ Double Punch-hole ပါဝင်လာမယ်လို့ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။ ဒါဟာ မျက်နှာပြင်ဧရိယာကို ပိုကျယ်သွားစေပြီး ဒီဇိုင်းပိုင်းမှာလည်း တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပါတယ်။

Kirin 1020 chipset သစ်ကလည်း ပိုမြန်ဆန်တဲ့ အားသွင်းနှုန်းကို ယူဆောင်လာပေးမှာဖြစ်သလို၊ ပိုကြီးမားတဲ့ ဘက်ထရီပမာဏ၊ ပိုအဆင့်မြင့်လာတဲ့ ကင်မရာပိုင်းတွေကိုလည်း မျှော်လင့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Huawei ဟာ Mate 40 စီးရီးကို စက်တင်ဘာနဲ့ အောက်တိုဘာလထဲမှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina