Huawei ဟာ မကြာခင်အချိန်အတွင်းမှာ သူ့ရဲ့ Flagship ထုတ်ကုန်သစ်တွေဖြစ်တဲ့ Mate 40 စီးရီးကို မိတ်ဆက်ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ အရင်ဦးဆုံးဖြန့်ချိမယ့် ဒီစီးရီးဟာ နောက်ဆုံးပေါ် Kirin Chipset တွေကို အသုံးပြုထားမယ်လို့လည်း သတင်းထွက်ပေါ်နေခဲ့တာပါ။

အခုထွက်ပေါ်လာတဲ့သတင်းအရ Mate 40 Pro မှာ အသုံးပြုထားတဲ့ Kirin 9000 ဟာ Build-in 5G modem ပါဝင်တဲ့ ပထမဆုံးသော 5nm chipset ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ စိတ်ဝင်စားစရာကောင်းစေတဲ့အချက်က ဒီသတင်းကို Huawei Mobile UK တွစ်တာအကောင့်ကနေ မျှဝေလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က Huawei Mate 40 စီးရီးကို လာမယ့်နှစ်ထဲမှ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမယ်လို့ ကောလာဟလထွက်ခဲ့ပါတယ်။ Leakster တစ်ဦးဖြစ်တဲ့ Roland Quandt ကတော့ လာမယ့် အောက်တိုဘာလလယ်ပိုင်းမှာ အွန်လိုင်းကတစ်ဆင့် Live stream နဲ့အတူ မိတ်ဆက်ဖို့ စီစဉ်နေကြောင်း ဖော်ပြလာပါတယ်။ မရှင်းလင်းသေးတာက ဥရောပဈေးကွက်ကို ဘယ်အချိန်ဖြန့်ချိမလဲဆိုတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Huawei အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို ပုံမှန်အချိန်အတိုင်း တရုတ်ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိဖို့ ကြိုးစားနေသလို၊ နိုင်ငံတကာဈေးကွက်ကိုလည်း လုံးဝ လက်လွှတ်မခံဘဲ မိတ်ဆက်ဖို့ကြိုးစားနေတုန်းဆိုတာကို မြင်သာစေပါတယ်။

ဒါ့အပြင် Mate 40 Pro မှာ အသုံးပြုထားတဲ့ Kirin 9000 ဟာ 5G modem ပါဝင်တဲ့ ပထမဆုံး 5nm chipset ဖြစ်တယ်လို့ Huawei ရဲ့ အတွင်းပိုင်းသတင်းရင်းမြစ်တွေကတစ်ဆင့် ထပ်ပြီးသိရပါတယ်။ မကြာခင်ကပဲ Apple ဟာ ပထမဆုံး 5nm chip ကို ပွဲထုတ်ခဲ့ပြီး၊ သူ့ဒီဇိုင်းဟာ ပြင်ပ Modem ကို အမှီပြုထားတာ တွေ့မြင်နိုင်ပါတယ်။

အချို့ပေါက်ကြားသတင်းတွေအရ Kirin 9000 ကို Mate 40 Pro နဲ့ Pro + တွေမှာ အသုံးပြုမှာဖြစ်ပြီး Vanilla Mate 40 ကတော့ Kirin 9000E အမည်ရှိ စွမ်းဆောင်ရည်အနည်းငယ်နိမ့်တဲ့ Chip ကို အသုံးပြုမယ်လို့ ဖော်ပြကြပါတယ်။

Ref: GSM Arena