မကြာခင်ကပဲ Google ရဲ့ နောက်ဆုံးထုတ် Pixel 7 Pro ဟာ Honor Magic4 Ultimate နဲ့အတူတူ DxOMark ရဲ့ အကောင်းဆုံး ကင်မရာ ဖုန်းတွေ ဖြစ်ခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာမှာ ကြေညာလိုက်ပြီ ဖြစ်တဲ့ Huawei Mate 50 Pro က အဲဒီ ဖုန်း ၂ လုံးကို နန်းချလိုက်ပါတယ်။

Huawei Mate 50 Pro DxOMark

Mate 50 Pro ဟာ DxOMark ရဲ့ စမတ်ဖုန်း ကင်မရာ စမ်းသပ်ချက်မှာ ၁၄၉ မှတ်ရသွားပြီး Pixel 7 Pro နဲ့ Honor Magic4 Ultimate တို့က ၁၄၇ မှတ်ပဲရထားပါတယ်။ Mate 50 Pro ရဲ့ အနောက်ဘက်မှာ 50MP+64MP+13MP ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး OIS, 3.5x Optical Zoom , Variable Aperture နည်းပညာတွေ ထည့်သွင်းထားပါတယ်။

Huawei Mate 50 Pro

DxOMark က Mate 50 Pro ရဲ့ အရောင်ထုတ်လုပ်မှု၊ Bokeh တွေက ကောင်းမွန်ပြီး Zoom ဆွဲကြည့်ရင်  အသေးစိတ်ကျတယ်လို့ ပြောပါတယ်။ Auto-focus စွမ်းရည်က မြင့်မားပြီး ဗီဒီယိုတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို ၂ ခုစလုံးမှာ Dynamic Range က ကျယ်ပြန့်ပါတယ်။

White Balance မှာ အပြစ်အနာအဆာ တချို့ ရှိပြီး တချို့ အခြေအနေတွေမှာ XMAGE AI Processing ဟာ ရှုခင်းကို ဖမ်းယူတဲ့အခါ တော်တော်နှေးတယ်လို့ DxOMark က ပြောပါတယ်။ အဲဒီ အားနည်းချက် တချို့ကလွဲပြီး ကျန်တဲ့ နေရာတွေမှာ ကင်မရာ စွမ်းရည် မြင့်မားတဲ့အတွက် Mate 50 Pro ဟာ DxOMark ရဲ့ အကောင်းဆုံး ကင်မရာ ဖုန်း ဖြစ်လာတာပါ။

5G နဲ့ Google Play Services မပါတဲ့ Mate 50 Pro အတွက် ကင်မရာ စွမ်းရည်က စွဲဆောင်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့် ယူရို ၁,၁၉၉ ဈေးနှုန်းက Pixel 7 Pro နဲ့ Honor Magic4 Ultimate တို့ထက် များနေပါတယ်။

Ref : gizmochina