ဒီနေ့ခေတ်ရဲ့ Foldable စမတ်ဖုန်းပြိုင်ပွဲကိုကြည့်မယ်ဆိုရင် Samsung, Huawei နဲ့ Motorola တို့ပဲ ပြိုင်ဆိုင်နေကြတာကို တွေ့ရပါလိမ့်မယ်။ ဒီထဲမှာတော့ Huawei နဲ့ Samsung တို့က မဟာပြိုင်ဘက်ကြီးတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း Huawei ဟာ ကံမကောင်းစွာနဲ့ Foldable ပြိုင်ပွဲမှာ ခြေတစ်လှမ်းနောက်ကျပေးရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Samsung ဟာ ဒီနှစ်ထဲမှာ Galaxy Z Flip နဲ့ Galaxy Z Fold 2 တို့ကိုကြေညာခဲ့ပြီး ဖြစ်သလို၊ Motorola ကလည်း Moto Razr 5G ကို ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါဖြင့်ရင် Huawei ကရော ဘာကိုကြေညာမလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ Huawei ဟာ Huawei Mate X2 ကို ကြေညာဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့နှစ်က Mate X ကို ဖြန့်ချိတဲ့ရက်နဲ့တွက်မယ်ဆိုရင် Mate X2 ကို နိုဝင်ဘာလထက်နောက်မကျဘဲ မိတ်ဆက်ဖို့ မျှော်လင့်နိုင်ပါတယ်။

နိုဝင်ဘာလရောက်ဖို့ နှစ်လတောင်လိုသေးတယ်ဆိုပေမယ့် လတ်တလောထွက်ပေါ်နေတဲ့သတင်းတွေမှာတော့ Huawei ဟာ Mate X2 ကို ဒီနှစ်ထဲမှာ မိတ်ဆက်လာဖွယ်မရှိတော့ဘူးလို့ ဖော်ပြနေကြပါတယ်။ အမေရိကန်အစိုးရရဲ့ ကန့်သတ်၊ ပိတ်ဆို့ မှုတွေကြောင့် Mate X2 ရဲ့မိတ်ဆက်ရက်ဟာ ဒီနှစ်ထဲမှာမဖြစ်နိုင်တော့ဘဲ နောက်ကျသွားမယ်လို့ Display Analyst နဲ့ DisplaySearch ရဲ့ တည်ထောင်သူဖြစ်တဲ့ Ross Young ရဲ့ ပြောပြချက်အရ သိရပါတယ်။

အဓိကအကြောင်းချက်တော့ Huawei ဟာ Mate X2 အပါအဝင် အခြားထုတ်ကုန်တွေအတွက် ကုန်ကြမ်းပစ္စည်း ရယူမှုမှာ အနှောင့်အယှက်ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ Supplier တွေအနေနဲ့ Huawei နဲ့အလုပ်ဆက်လုပ်ဖို့ လိုင်စင်တွေလျှောက်ထားနေတယ်ဆိုပေမယ့် ခွင့်ပြုမိန့်ကျမယ်၊ မကျဘူးဆိုတာကို အာမခံချက် မပေးနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Huawei Mate X2 ဟာ အတွင်းဘက်ကို ခေါက်သိမ်းတဲ့ ဒီဇိုင်းဖြစ်တယ်လို့ သတင်းထွက်ထားပါတယ်။ မူလ Mate X နဲ့ မျက်နှာပြင်အရွယ်အစားတူညီပြီး၊ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Kirin 9000 processor ကို အသုံးပြုထားသလို၊ ကင်မရာပိုင်းကိုလည်း အဆင့်မြှင့်ထားပြီး၊ Stylus လည်း ပါဝင်မယ်လို့ သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina