တရုတ်နည်းပညာ ဘီလူးကြီး Huawei က အိန္ဒိယမှာ MediaPad M5 Lite ရဲ့ မော်ဒယ်အသစ် ၁ လုံးကို ကြေညာလိုက်ပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ M-Pen Lite Stylus ပါလာတဲ့အတွက် ပုံဆွဲတာ၊ စာရေးတာတွေ ပြုလုပ်နိုင်ပါတယ်။ ၂၂,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်းခွဲလောက်ရှိပါတယ်။ Flipkart , Croma နဲ့ မြေပြင်စတိုးများစွာကနေ မတ်လ ၆ ရက်နေ့မှာ အကြိုရောင်းမှာ ဖြစ်ပါတယ်။

Huawei MediaPad M5 Lite မှာ Harman Kardon ရဲ့ စပီကာ ၄ လုံး ထည့်သွင်းထားပြီး ၁၀.၁ လက်မ Full HD IPS Multi-touch မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 1920x1200p Resolution ဖြစ်ပြီး နောက်ဆုံးပေါ် မျက်နှာပြင် နည်းပညာ ဖြစ်တဲ့ ClariVu 5.0 ပါလာပါတယ်။ ဒီ ဆော့ဖ်ဝဲ နည်းပညာက ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အရမ်း ကြည်လင်ပြတ်သားအောင် ကူညီပေးပါတယ်။

တက်ဘလက်မှာ ဒိတ်အောက်နေတဲ့ Android 8.0 Oreo အခြေပြု EMUI 8.0 ပါလာတာက သိပ်မမိုက်ပါဘူး။ Kirin 659 Processor မောင်းနှင်ထားပြီး Huawei က Histen 5.0 အသံ နည်းပညာဟာ Noise တွေကို ဖယ်ရှားပေးတယ်လို့ ပြောပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး 2.5D Curved Glass Edge ပါတဲ့အတွက် အလန်းစား ဒီဇိုင်း ပိုင်ဆိုင်ထားပါတယ်။ Huawei က ၁၃ နာရီကြာ ဗီဒီယို ကြည့်နိုင်တယ်လို့ ပြောပြီး QuickCharge နည်းပညာ ပါလာပါတယ်။

M-Pen Lite Stylus ရဲ့ ဖိအား အာရုံခံမှုက ၂,၀၄၈ ဖြစ်ပြီး မှတ်စုရေးတာ၊ အီးမေး ရေးတာတွေအတွက် အသုံးဝင်ပါတယ်။ Autofocus ပါတဲ့ 8MP အနောက်ကင်မရာနဲ့ Fixed Focus ပါတဲ့ 8MP အရှေ့ ကင်မရာတွေ ထည့်သွင်းထားပါတယ်။ 7,500mAh ဘက်ထရီပါလာပြီး ၂.၉ နာရီအတွင်းမှာ အားအပြည့်သွင်းနိုင်ပါတယ်။ Wi-Fi 802.11 a/b/g/n/ac, LTE, Bluetooth v4.2 ဆက်သွယ်မှုတွေ ပါလာပါတယ်။ Huawei က 3GB RAM မော်ဒယ်ကို အရင်နှစ် စက်တင်ဘာလက ရောင်းပေးထားတာပါ။

Ref : gadgets.ndtv