“စတုတ္ထမဏ္ဍိုင်မှ ဒစ်ဂျစ်တယ်လ်ခေတ်သစ်သို့ ချဉ်းကပ်ခြင်း” ခေါင်းစဉ်ဖြင့် Huawei က ၎င်း၏ တတိယအကြိမ်မြောက် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စာနယ်ဇင်းသမားများအတွက် လက်ရှိ ဒစ်ဂျစ်တယ်လ် ရေစီးကြောင်း၊ ဒစ်ဂျစ်တယ်လ်ပလက်ဖောင်းနှင့် ကိရိယာများ၏ အကျိုးကျေးဇူးများကို ပိုမို နားလည်စေနိုင်ရန်နှင့် လက်ရှိ အိမ်မှ လုပ်ငန်းလုပ်ကိုင်နေရသော ကာလအတွင်း အကျိုးရှိရှိ ပိုမိုအသုံးချနိုင်စေရန် ရည်ရွယ်သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို တယ်လီကွန်း လုပ်ငန်းခွင်တွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိပြီး လက်ရှိတွင် Huawei Asia Pacific Solution Sales Department ၏ Wireless Product Solution Manager အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကိုထွန်းအောင်ခိုင် နှင့် Myanmar Journalism Institute ၏ Training Head ဖြစ်သူ ဦးမြင့်ကျော်တို့မှ အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

Huawei Myanmar ၏ PR Director ဖြစ်သူ Mr. Zhou Kai မှ ၎င်း၏ အတွေ့အကြုံနှင့် ပတ်သက်ပြီး “သတင်းစာ၊ ဂျာနယ်ပဲဖြစ်ဖြစ်၊ ရေဒီယိုပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပဲဖြစ်ဖြစ် လူတွေဆီကို တစ်နည်းနည်းနဲ့ သတင်းရောက်အောင် ပို့နိုင်မယ့် နည်းလမ်းတွေက ကျွန်တော်တို့ကို ရွေးချယ်တာ မဟုတ်ပါဘူး။ စာဖတ်သူတွေဆီ သတင်းရောက်အောင် ပေးပို့ဖို့အတွက် ကျွန်တော်တို့က နည်းလမ်းတစ်ခု အသေအချာ ရွေးချယ်ထားဖို့က အရေးကြီးပါတယ်။ အရင်က အသုံးပြုခဲ့တဲ့ သတင်းပေးပို့တဲ့ နည်းလမ်းတွေ ဟာလည်း ယခုမှာ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းလာကြတဲ့ အတွက် ကျွန်တော်တို့မှာ လူတွေဆီ သတင်းပေးနိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းတွေ များလာပါတယ်။ ဒီဂျစ်တယ်စနစ် ကူးပြောင်းခြင်းဆိုတာကလည်း စာဖတ်သူတွေ ပိုပြီးနှစ်သက်တဲ့ အခြေအနေတစ်ခုအပေါ် မူတည်ပြီး သတင်းသမားတိုင်းက အလိုက်အထိုက် စီးမျောလိုက်ပါရမယ့် ရိုးရှင်းတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်းသည် လုပ်ငန်းတွေအပေါ်တွင်လည်း သက်ရောက်မှု ရှိကြောင်း TikTok ကို ဥပမာပေးပြီး ဖြည့်စွက်ပြောကြားခဲ့သည်။

ဤအလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ Covid-19 ကပ်ဘေးကာလအတွင်း နည်းပညာသစ်များက လူတို့၏ နေ့စဉ်နေထိုင်မှုဘဝကို အကူအညီပေးနိုင်ခြင်း၊ လူအများ ဒစ်ဂျစ်တယ်နှင့် ပိုမိုထိတွေ့မှုရှိလာခြင်း၊ အိုင်စီတီ သတင်းမီဒီယာ ဖွံ့ဖြိုးမှုကို အားပေးခြင်း၊ သတင်းခန်း လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်နိုင်ရန် နည်းလမ်းသစ်များ ရှာဖွေခြင်းတို့ အပါအဝင် ဖြစ်သည်။ အတွေ့အကြုံ များစွာရှိသော ဟောပြောဆွေးနွေးသူများက ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး တက်ရောက်လာသော စာနယ်ဇင်းသမားများကလည်း နည်းပညာ စိန်ခေါ်မှု များနှင့် နေအိမ်မှ အလုပ်လုပ်ရသော ကာလများအတွင်း ၎င်းတို့ ရင်ဆိုင်ကြုံတွေ့ရသော အကန့်အသတ်၊ အတားအဆီးများအပေါ် အမြင်များကို ဆွေးနွေးခဲ့ကြသည်။

Huawei Asia Pacific Solution Sales Department ရဲ့ Wireless Product Solution Manager ဖြစ်သူ ကိုထွန်းအောင်ခိုင် က ၁) 1G မှ 5G အထိ ဆက်သွယ်ရေးကွန်ရက်တွေအဆင့်ဆင့် ပြောင်းလဲလာခဲ့ပုံ၊ ၂) နည်းပညာပေါ် မူတည်၍ လူများ၏ နေထိုင်မှု ပုံစံပြောင်းလဲပုံ၊ ၃) အင်တာနက်အသုံးပြုမှု မြင့်မားလာပုံ နှင့် ၄) ယခုကဲ့သို့ အဆင်မ​ပြေသော အချိန်များတွင် အိမ်မှ အလုပ်လုပ်နေသည့် လူများအတွက် အသုံးဝင်နိုင်မည့် နည်းလမ်းများအကြောင်း အဓိကထားပြောကြားသွားခဲ့သည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ကူးပြောင်းခြင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိလာသည်နှင့်အမျှ ကိုထွန်းအောင်ခိုင် က “လတ်တလောမှာဆိုရင် ကျွန်တော်တို့က နေ့စဉ်ဘဝတွေကို အကျိုးပြုတဲ့ App တွေကို အများဆုံးအသုံးပြုကြတဲ့ 4G ကွန်ရက်အောက်မှာ နေထိုင်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဖုန်းနဲ့ပိုက်ဆံရှင်းတာတွေ၊ လူမှုကွန်ရက်ပေါ်က ဖျော်ဖြေမှု အစီအစဉ်တွေ၊ အိမ်ကနေပြီး အလုပ်လုပ်တာနဲ့ ဈေးဝယ်ထွက်တာတွေတောင်လုပ်လို့ရနေကြပါပြီ။ အဲ့တာကြောင့် လည်း နည်းပညာဟာ ကျွန်တော်တို့နေထိုင်တဲ့ဘဝတွေကို ပိုပြီးလွယ်ကူအောင်၊ ပိုပြီး အလုပ်တွင် အောင် ပြုလုပ် ပေးနေတယ်ဆိုတာ လူတွေလည်း အနှေးနဲအမြန်ဆိုသလို သိလာကြမှာဖြစ်ပါတယ်။” ဟု မှတ်ချက် ပေးခဲ့သည်။

Myanmar Journalism Institute ၏ Training Head ဖြစ်သူ ဦးမြင့်ကျော်က ဒစ်ဂျစ်တယ်လ်ပလက်ဖောင်း အသုံးပြုရာတွင် သတင်းသမားများအတွက် ကောင်းကျိုးနှင့် ဆိုးကျိုးကိုဖော်ပြခဲ့သည်။ ဦးမြင့်ကျော်က “တစ်နရာထဲမှာသာ ရှိနေပေမယ့် ၊ သွားလို့ရတယ် ဆိုပေမဲ့ တစ်ဖက်မှာ အင်တာနက်ရတာမရတာနဲ့ ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းအပေါ် ဘယ်လောက်နားလည်လဲဆိုတာတွေဟာ အဓိကကျတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာကြပါပြီ” ဟုပြောကြားခဲ့သည်။ Covid-19 ဖြစ်ပွားနေသည့် ယခု ကာလများတွင်လည်း သတင်းများ ဖော်ပြရာတွင် လူကြိုက်များလာသည့် Data Journalism နှင့် Visualization တို့ကို အသုံးပြုလာကြရန် သတင်းသမားများကို တိုက်တွန်းခဲ့သည်။ နောက်ဆုံးအနေဖြင့် ဆိုရှယ်လ်မီဒီယာများပေါ်မှ သတင်းအမှား၊ သတင်းတုများ၏ အန္တရာယ်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

စာနယ်ဇင်းသမားများအတွက် အခမဲ့ ကျင်းပပေးသော မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲများကို မတူညီသော အိုင်စီတီ ခေါင်းစဉ်များနှင့် ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ်လျှင် (၂) ကြိမ်နှုန်းဖြင့် ကျင်းပလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော နည်းပညာ နယ်ပယ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း အိုင်စီတီ နယ်ပယ်ရှိ လုပ်ငန်းကျွမ်းကျင်သူများနှင့် အတွေ့အကြုံရင့် မီဒီယာကျွမ်းကျင်သူများက တက်ရောက် လာကြသူများအား ၎င်းတို့၏ အမြင်များကို ပွင့်လင်းလွတ်လပ်စွာ မျှဝေပြီး လေ့ကျင့်ပေးသူများကို မေးခွန်းများ မေးမြန်းနိုင်ရန် အားပေးတိုက်တွန်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲများတွင် မီဒီယာမိတ်ဆွေများအတွက် Cloud Computing နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်း၏ အသုံးပြုပုံ၊ ဖြန့်ကျက်ပုံ နှင့် ပြည်သူများထံသို့ ပေးစွမ်းနိုင်မည်ဖြစ်သော အကျိုးကျေးဇူးများကို “Future Direction of ICT in Myanmar & Role of media in ICT development” နှင့် “The Operational Usage and Advantages of Cloud Solution” စသည့် ခေါင်းစဉ်များဖြင့် တင်ပြဆွေးနွေးခဲ့သည်။ အိုင်စီတီ ကျွမ်းကျင်ပညာရှင်များကလည်း အဆိုပါ ဆွေးနွေးပွဲများတွင် မီဒီယာသမားများအနေဖြင့် အဆင့်မြင့် နည်းပညာများပေါ် ပိုမိုနားလည်စေနိုင်ရန်နှင့် အိုင်စီတီ သတင်းများနှင့် ပတ်သက်ပြီး ၎င်းတို့ လုပ်ငန်းခွင်များတွင် ပိုမို အထောက်အကူဖြစ်စေနိုင်ရန် မီဒီယာများ၏ ဆွေးနွေးမှုများနှင့် မေးခွန်းများကို ဖြည့်စွက်ဖြေကြားခဲ့သည်။

Source – HUAWEI