Huawei ဟာ ယခင်တုန်းက ကိုယ်ပိုင် Kirin Chipset တွေကိုပဲ Huawei စမတ်ဖုန်းတွေမှာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ အဆိုပါ Kirin Chipset တွေဟာ Budget ၊ Mid Range နဲ့ Flagship အဆင့်အထိ Chipset အမျိုးအစားမျိုးစုံပါဝင်ခဲ့ပြီး Flagship Chipset တွေဟာလည်း တခြားသော Qualcomm Snapdragon ၊ Samsung Exynos Chipset တွေနဲ့ ယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် Huawei ကုမ္ပဏီကို US ကနေ စီးပွားရေးပိတ်ဆို့မှုတွေစတင်ပြုလုပ်လိုက်တဲ့အချိန်မှာ Huawei အနေနဲ့ Chipset အတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို ဝယ်ယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကိုယ်ပိုင် Kirin Chipset အသစ်တွေကို လုံးဝထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ Qualcomm ရဲ့ 4G Version Snapdragon Chipset တွေကိုပဲ ဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Huawei အနေနဲ့ ယခင်တုန်းက အမြောက်အများထုတ်လုပ်ခဲ့တဲ့ Mid Range Kirin Processor တစ်ခုဖြစ်တဲ့ Kirin 710A Chipset ကိုပဲ တချို့သော Tablet နဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ကျန်တဲ့ Flagship ဖုန်းတွေအပြင် တခြားသော စမတ်ဖုန်းတွေမှာတော့ Qualcomm Snapdragon Chipset ကိုပဲ အသုံးပြုနေပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းက Kirin Processor Chipset တွေကို ပြန်လည်ထုတ်လုပ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုတော့ Huawei ကနေ တရားဝင်ငြင်းဆိုလိုက်ပြီဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၂၃ခုနှစ်မှာ Kirin Chipset အသစ်တွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Huawei ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ US နည်းပညာတွေကို အသုံးပြုထားခြင်းမရှိတဲ့ Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတွေမရှိတာကြောင့် Huawei အနေနဲ့ လက်ရှိအခြေအနေအရ Kirin Chipset အသစ်တွေထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုပြီး ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Ref – GSM Arena