Huawei ဟာ ပြီးခဲ့တဲ့လတုန်းက Nova 8 SE ကို ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီလထဲမှာ ကျန်တဲ့ Nova 8 စီးရီးကို ဆက်ပြီးကြေငြာမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ Huawei ရဲ့ ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် လူသိများတဲ့ Leakster ကတော့ Weibo မှာ စိတ်ဝင်စားဖွယ်သတင်းကို မျှဝေခဲ့ပါတယ်။

သတင်းပေါက်ကြားမှုအရ Nova 8 နဲ့ Nova 8 Plus တို့ကို လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တရုတ်ပြည်တွင်းဈေးကွက်ထဲ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်းယိုစိမ့်မှုအရ ဒီ စမတ်ဖုန်းတွေရဲ့ ရောင်းချမယ့်ရက်ကို သိရတယ်ဆိုပေမယ့် အခြားအသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Huawei Nova 8 SE ကတော့ Dimensity 720 အပြင် Dimensity 800U SoC အမျိုးအစားတွေ ရှိနေခဲ့ပါတယ်။ ဒါကြောင့် Nova 8 နဲ့ Nova 8 Plus တို့ကိုလည်း MediaTek chipset တွေနဲ့ပဲ ထုတ်လုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် Nova 8 ဖုန်းတွေမှာ Kirin SoC သုံးမယ်မသုံးဘူးဆိုတာတော့ မသေချာပါဘူး။

ပြီးခဲ့တဲ့လကပေါက်ကြားထားတဲ့သတင်းအရဆိုရင်တော့ Nova 8 ရဲ့ ကင်မရာတပ်ဆင်ပုံကို သိနိုင်ပါတယ်။ Nova 8 ရော 8 Plus ပါ ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ထားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Nova 8 နှစ်မျိုးစလုံးမှာလည်း Dual punch-hole display ကို မျှော်လင့်နိုင်မယ်လို့ သိရပါတယ်။ Plus မျိုးကွဲကတော့ Curved edge နဲ့ဖြစ်ဖွယ်ရှိပါတယ်။

သတင်းပေါက်ကြားမှုမှာတော့ Nova 8 ရဲ့ဈေးနှုန်းဟာ $459 (၆ သိန်း ၁ သောင်း) ဝန်းကျင်နဲ့ Nova 8 Plus ရဲ့ဈေး $612 (၈ သိန်း ၁ သောင်း) ဝန်းကျင် ဖြစ်မယ်လို့ သိရပါတယ်။ မိတ်ဆက်မယ့်ရက်က နီးကပ်နေတာကြောင့် မကြာခင်ရက်ပိုင်းအတွင်း အသေးစိတ်အချက်အလက်တွေကို ထပ်ပြီးသိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina