Huawei ရဲ့ Nova 8 စီးရီးနဲ့ ပတ်သက်တဲ့သတင်းတွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကစပြီး အတော်လေးများပြားလာတာပါ။ Nova 8 စီးရီးကို TENAA မှာလည်း တွေ့မြင်ခဲ့ရပြီးဖြစ်သလို၊ Nova 8 Pro ရဲ့ ဓါတ်ပုံအချို့လည်း ပေါက်ကြားထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလထဲမှာ မိတ်ဆက်လာဖွယ်ရှိကြောင်းသတင်းထွက်ထားတဲ့ ဒီ Novo 8 စီးရီးမှာ Nova 8, Nova 8 SE နဲ့ Nova 8 Pro တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Certified တွေ၊ အတည်ပြုချက်တွေရပြီးသား ဒီဟန်းဆက်တွေကို အခုလည်း တရုတ် 3C အေဂျင်စီမှာ ထပ်ပြီးတွေ့လာရပြန်ပါတယ်။

3C ကတစ်ဆင့်သိရတာက Vanilla (JSC-AN00) နဲ့ Pro (TN00) မော်ဒယ်တွေရဲ့ အားသွင်းနှုန်းတွေပဲ ဖြစ်ပါတယ်။ HW-110600C00 Charger ကြောင့် ဒီမော်ဒယ်နှစ်ခုစလုံးမှာ Mate 40 flagships တွေလိုမျိုးပဲ 66W အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာ အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

Nova 8 ဟာ 90Hz OLED မျက်နှာပြင်ဖြစ်ပြီး Pro ဗားရှင်းကတော့ 120Hz OLED panel နဲ့ ဖြစ်ပါတယ်။ ဒါတွေကို Visionox ဒါမှမဟုတ် Tianma Microelectronics ကနေ ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။ Nova 8SE ကတော့ 6.53-inch OLED မျက်နှာပြင်နဲ့ဖြစ်ပြီး MediaTek Dimensity 720 chipset နဲ့ 48MP အဓိကကင်မရာတွေ ပါဝင်မယ်လို့ သိရပါတယ်။

ခန့်မှန်းဈေးနှုန်းတွေကတော့ Nova 8 ဟာ $485 (၆ သိန်း ၂သောင်းခွဲ) ဝန်းကျင်ဖြစ်ပြီး၊ Nova 8 Pro ကတော့ $585 (၇ သိန်းခွဲ) ဝန်းကျင် ဖြစ်နိုင်ပါတယ်။

Ref: GSM Arena