Huawei ဒါမှမဟုတ် Honor အမှတ်တံဆိပ် တစ်ခုခုဟာ 55x digital zoom ကို သူတို့ရဲ့ စမတ်ဖုန်းမှာ ထည့်သွင်းပေးဖို့ ပြုလုပ်နေကြောင်း သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီသတင်းက ကောလာဟလဆိုတာထက် ပေါက်ကြားသတင်းဖြစ်နေတာကြောင့် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေတာလည်း ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ရုပ်ပုံအရ EMUI camera app နဲ့အတူ 55x zoom slider ကို တွေ့မြင်ရတာပါ။ ဒါကြောင့် ဒီစမတ်ဖုန်းဟာ Huawei ဒါမှမဟုတ် Honor ဘယ်တစ်မျိုးလဲဆိုတာ ခွဲခြားလို့မရပေမယ့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ အောက်မှာပဲ ရှိတယ်ဆိုတာတော့ သေချာနေတာလည်း ဖြစ်ပါတယ်။

Huawei ကတော့ စမတ်ဖုန်းတွေထုတ်လုပ်ရောင်းချနေတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သလို အခု နောက်ပိုင်းကာလတွေမှာ ကင်မရာပိုင်းအတွက် Leica နဲ့တွဲဖက်ပြီး အဆင့်အတန်းတစ်ခုကို ရရှိဖို့ အာရုံစိုက်နေတာလည်း ထင်သာမြင်သာရှိနေပါတယ်။ အထူးသဖြင့် P20 Pro, P30 Pro တို့မှာ 3x optical နဲ့ 5x optical periscope zoom တွေ ပါဝင်လာတာကို တွေ့မြင်နိုင်ပါတယ်။

P30 Pro တို့ P40 Pro တို့ရဲ့ Optical zoom တွေဟာ 50x digital zoom အထိ ထောက်ပံ့ပေးနိုင်ပြီး P40 Pro Plus ကတော့ 100x zoom အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အခုပေါက်ကြားထွက်ပေါ်လာတာက 55x digital zoom ပါ။ ဒီပမာဏက လက်ရှိ Huawei ဒါမှမဟုတ် Honor တွေမှာ မတွေ့ရသေးပါဘူး။ ဒီတော့ Huawei နဲ့ Honor တွေရဲ့ ထုတ်ကုန်သစ်တွေဆီမှာပဲ ပါဝင်လာမယ်လို့ ခန့်မှန်းရမှာပါ။

ဖြစ်နိုင်ခြေရှိတဲ့ စာရင်းဖြစ်တဲ့ Honor 30 series, Mate 30s series, Nova 7 Series စတာတွေထဲက Pro မော်ဒယ်တွေမှာ 55x zoom က ပါဝင်လာဖွယ်ရှိပါတယ်။  အနီးစပ်ဆုံးခန့်မှန်းရရင်တော့ Honor 30 Pro က ပိုပြီး နီးစပ်တယ်လို့ပဲဆိုရမှာပါ။

Ref: Gizmochina