လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ အမေရိကန်နိုင်ငံမှ Huawei ကို ပိတ်ဆို့မှုထပ်မံတိုးမြှင့်လိုက်ပြန်တဲ့အတွက် တရုတ် အခြေစိုက်ကုမ္ပဏီဟာ အဓိက Chip ထောက်ပံ့သူ TSMC ထံမှ ထုတ်ကုန်တွေကို သုံးစွဲဖို့ ခက်ခဲသွားခဲ့ပါတယ်။ ဒါကို ဖြေရှင်းဖို့ Huawei ဟာ MediaTek လိုမျိုး အခြားရွေးချယ်စရာတွေဘက်ကို ခြေဦးလှည့်ရဖို့ ဖြစ်လာခဲ့ပါတယ်။

Huawei ဟာ လက်ရှိစမတ်ဖုန်းစျေးကွက်ရဲ့ အကြီးမားဆုံးအမှတ်တံဆိပ်သုံးခုထဲက တစ်ခုဖြစ်ပြီး ကိုယ်ပိုင်ချစ်ပ်ဆက်တွေလည်း ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ပိတ်ဆို့မှုကြောင့် HiSilicon Kirin ချစ်ပ်ဆက်တွေ ထုတ်လုပ်ဖို့ TSMC ဆီကနေ လိုအပ်တဲ့ ပစ္စည်းတွေကို ဆက်မမှာနိုင်တော့ပါဘူး။

ဒါ့ကြောင့် အခြားချစ်ပ်ဆက်ရောင်းချသူတွေဘက်ကို လှည့်ရမှာဖြစ်ပြီး အခုနှစ်အတွင်းမှာတော့ သူ့စမတ်ဖုန်းတွေအတွက် MediaTek ချစ်ပ်ဆက်တွေကို ရွေးချယ်လာမှာဖြစ်ပါတယ်။ အစီရင်ခံစာတွေအရ အခုနှစ်မှာ Huawei ကုမ္ပဏီက MediaTek ဆီကနေ Chip တွေ မှာယူတဲ့ပမာဏဟာ အရင်ထက် 300% တိုးမြှင့်လာတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အခြေစိုက် ချစ်ပ်ဆက်ထုတ်လုပ်သူရဲ့ 5G ချစ်ပ်ဆက်တွေကို Huawei ရဲ့ Mid-range မှ High-end စမတ်ဖုန်းတွေအထိ အသုံးပြုလာနိုင်ပြီး အရင်ကဆိုရင် MediaTek 4G ချစ်ပ်ဆက်တွေကို Low-range နဲ့ Mid-range တွေမှာပဲ အသုံးပြုခဲ့တာပါ။

MediaTek ဘက်ကလည်း Huawei ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင် နှစ်ဖက်လုံး အကျိုးရှိစေမှာဖြစ်ပြီး စျေးကွက်ထဲက ထိပ်သီးပြိုင်ဘက် Qualcomm ကိုလိုက်မီနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ Huawei ဟာ အခုရက်ပိုင်းမှာ Huawei Enjoy Z 5G ကိုမိတ်ဆက်ခဲ့ပြီး ဒီဖုန်းဟာ MediaTek Dimensity 800 အသုံးပြုထားတဲ့ သူ့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်ပါတယ်။

Ref – GizmoChina