ဈေးကွက် သုတေသန အဖွဲ့အစည်း Canalys ရဲ့ စစ်တမ်းအသစ်အရ Huawei ဟာ ပထမဆုံး အနေနဲ့ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။ Huawei ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ Samsung ကို ကျော်တက်ပြီး ဒီနေရာကို ရောက်လာတာပါ။

ကပ်ရောဂါကြောင့် ဖုန်း ရောင်းအားကို အကျိုးသက်ရောက်နေတာ သေချာတဲ့အတွက် Huawei ဟာ နံပါတ် ၁ နေရာကို ကြာရှည်ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ Canalys ရဲ့ စစ်တမ်းအရ Huawei ဟာ ကွာတား ၂ မှာ ဖုန်း အလုံးရေ ၅၅.၈ သန်း ရောင်းချနိုင်ခဲ့ပေမယ့် အရင်နှစ်ကထက် ၅ ရာခိုင်နှုန်း ရောင်းအားကျသွားပါတယ်။ Samsung က ၅၃.၇ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတောင် ကျသွားတာပါ။ ကိုဗစ် ဒဏ်ကို သိပ်မခံလိုက်ရတဲ့ တရုတ်မှာ Huawei ရဲ့ ဖုန်း ၇၀ ရာခိုင်နှုန်းကျော် ရောင်းချနိုင်ခဲ့တာပါ။ Samsung က တရုတ်မှာ ရောင်းအား သိပ်မလန်းပါဘူး။

Canalys ရဲ့ အကြီးတန်း လေ့လာဆန်းစစ်သူ Ben Stanton က “ ကိုဗစ်ကြောင့်သာ မဟုတ်ရင် ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ Huawei ဟာ တရုတ် စီးပွားရေး မြန်မြန် နလန်ထူလာတာကို အခွင့်ကောင်းယူပြီး ဖုန်း ရောင်းအားတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ “ လို့ သုံးသပ်ပါတယ်။

တရုတ် ပြင်ပက Huawei ဖုန်းတွေမှာ Google Services တွေ သုံးခွင့်ပိတ်ထားတဲ့အတွက် ရောင်းအား ကျသွားနိုင်ပါတယ်။ ကမ္ဘာ့ ဖုန်းဈေးကွက် နလန်ပြန်ထူလာချိန်မှာ Huawei ဟာ နံပါတ် ၁ နေရာကို ထိန်းသိမ်းထားနိုင်မလားဆိုတာ သံသယ ဖြစ်စရာပါ။ Samsung ကတော့ နောက်ကွာတားမှာ စွမ်းရည်မြင့် ဖုန်းတွေ ရောင်းဖို့ ရှိနေတဲ့အတွက် ရောင်းအား တက်လာဖို့ မျှော်လင့်ထားပါတယ်။ Huawei ဟာ တရုတ်မှာ ရောင်းအား အရမ်း ကောင်းနေတဲ့အတွက် တရုတ် ပြင်ပက ရောင်းအားဟာ သိပ်တော့ ဖိအား မရှိဘူးလို့ ထင်ပါတယ်။

Ref : theverge