Huawei က အနာဂတ်မျှော် နည်းပညာအသစ် တစ်ခုကို အကောင်အထည်ဖော်လျှက်ရှိပြီး အောင်မြင်သွားမယ်ဆိုရင် လူတိုင်းရဲ့ ဘဝကို ပိုပြီး အဆင်ပြေချောမွေ့စေမှာပါ။ တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးက လေဆာနည်းပညာ အသစ်တစ်ခုကို မူပိုင်ခွင့်တင်လိုက်ပြီး အဲ့ဒါကတော့ အဝေးကနေ ကြိုးမဲ့ အားသွင်းနိုင်မယ့် စနစ်ပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲ့ဒီ နည်းပညာအတွက် အခေါ်အဝေါ် သီးသန့် မရှိသေးပေမယ့် ဒါက အားသွင်းနည်းပညာပိုင်း အတွက် စိတ်လှုပ်ရှားစရာ ဆန်းသစ်တီထွင်မှု တစ်ခုလို့ ဆိုရမှာပါ။ စမတ်ဖုန်းတွေရဲ့ အရေးပါမှုက ပိုပြီး အင်အားကောင်းလာသလို ဖုန်းဘက္ထရီရဲ့ ကြာရှည်ခံနိုင်စွမ်း ကလည်း ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာတာအမှန်ပါပဲ။ ဒီနည်းပညာသာ အဆင်ပြေသွားမယ်ဆိုရင် ဖုန်းအားသွင်းတဲ့ Charger နဲ့ အားသွင်းကြိုးတွေ ယူသွားရတဲ့ ဒုက္ခကနေ လွတ်ကင်းစေမှာပါ။

ကုမ္ပဏီ အနေနဲ့ လူတွေအနားမှာပါ ဘေးကင်းစွာ အသုံးပြုနိုင်မယ့် နည်းပညာကို တီထွင်နိုင်ဖို့ ရည်ရွှယ်ပါတယ်။ လေဆာရဲ့လမ်းကြောင်းကနေ မျက်လုံးတွေကို ကာကွယ်နိင်မယ့် စနစ်နဲ့အတူ အသုံးပြုသူ ဒါမှမဟုတ် သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေက အနီးအနားမှာ ရှိနေမယ်ဆိုရင် Device ရဲ့ လေဆာ စက်ကွင်းကနေ လွတ်စေမယ့် စနစ်ကို လုပ်ဆောင်ဖို့ ကြိုးစားနေတာပါ။

ဒီ Device က လျှပ်စစ်ပစ္စည်း အများကြီးကို ကြိုးမဲ့စနစ်နဲ့ တပြိုင်နက် အားသွင်းနိုင်မှာပါ။ Charging Module ကို အခန်းတစ်ခုလုံးကို ခြုံလွှမ်းမိမယ့် နေရာမှာ တပ်ထားရမှာ ဖြစ်ပြီး အဲ့ဒီအရာကနေ Devices တွေ အကုန်လုံးကို အားသွင်းပေးမှာပဲ ဖြစ်ပါတယ်။

ဒီနည်းပညာကို အသုံးပြုပြီး မနီးမဝေး အကွာအဝေး ဒါမှမဟုတ် ဝေးကွာတဲ့ အကွာအဝေးမှာ ရှိတဲ့ စမတ်ဖုန်း၊ လက်ပ်တော့၊ တက်ဘလက် နဲ့ ဒရုန်းတွေအထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီနည်းပညာကို မိတ်ဆက်မယ့်နေ့ကို မသိရသေးတာပဲ ဖြစ်ပြီး မကြာခင်မှာတော့ အသေးစိတ် ထုတ်ပြန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref – Gizmochina