အမေရိကန်အစိုးရဟာ Huawei နဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ကုန်သွယ်မှုကို အမှန်တကယ် ပိတ်ပင်ဖို့ စိတ်ကူးမရှိဘူးလို့ မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါပြီ။ အကြောင်းက ပြီးခဲ့တဲ့နှစ် မေလတုန်းက ရက် ၉၀ ကန့်သတ်ချက်နဲ့အတူ ကုန်သွယ်ခွင့်ပြုခဲ့တဲ့ ဇာတ်လမ်းဟာ အခုထိမပြီးသေးဘဲ နောက်ထပ် ရက်ပေါင်း ၉၀ ထပ်ပြီး ကုန်သွယ်ခွင့်ပြုလိုက်ပြန်တာကြောင့် ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ Huawei နဲ့ အမေရိကန်ကုမ္ပဏီတွေကြားက စီးပွားရေးဆက်သွယ်မှုဟာ လာမယ့် ၂၀၂၀ မေလ ၁၅ ရက်နေ့အထိ ရှိနေမှာ ဖြစ်ပါတယ်။ အခုလို သက်တမ်းတိုးတိုးပေးနေခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာက ဘာပဲဖြစ်ဖြစ် အမေရိကန်တို့အနေနဲ့ Huawei ကို လုံးဝ ဖြတ်ချလိုက်လို့ မဖြစ်နိုင်သေးဘူးဆိုတာကတော့ ပိုပြီးပေါ်လွင်လာစေတာပါပဲ။

Huawei ဟာ 5G ကွန်ရက်တိုးတက်ကျယ်ပျံ့ရေးမှာ အရေးပါတဲ့ နေရာက ပါဝင်နေတာကလည်း အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ဈေးနှုန်းချိုသာတဲ့ ပစ္စည်းကိရိယာတွေနဲ့ တန်ဆာပလာတွေကို ထောက်ပံ့ပေးနေသလို၊ အချို့သော အမေရိကန်တယ်လီကွန်ဝန်ဆောင်မှုကုမ္ပဏီတွေအတွက်လည်း 4G modem တွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပိတ်ပင်မှုကြီးမားခြင်းက Huawei ရဲ့ အမေရိကန်ဖောက်သည်တွေအပေါ်မှာလည်း သက်ရောက်မှုရှိလာတာ ဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ကန့်သတ်ချက်တွေနဲ့အတူ သက်တမ်းတိုးမြှင့်မှုတွေ ပြုလုပ်ပေးနေရတာပါ။ “ယာယီ အထွေထွေလိုင်စင်သက်တမ်း တိုးမထားရင် ကုမ္ပဏီ၊ ဒါမှမဟုတ် အဖွဲ့အစည်းပေါ် သက်ရောက်မှုရှိသလား” လို့လည်း စီးပွားကူးသန်းက မေးခွန်းထုတ်ထားပါသေးတယ်။

ယာယီသက်တမ်းအတွက် ကန့်သတ်ချက်အောက်မှာ အမေရိကန်ကုမ္ပဏီတွေကလည်း ပြုပြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ လက်ရှိအပြည့်အဝလည်ပတ်လုပ်ကိုင်နေတဲ့ ကွန်ရက်တွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ အစိတ်အပိုင်းတွေကိုပဲ Huawei ဆီ ရောင်းချခွင့်ရှိတာပါ။ အထူးသဖြင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိတဲ့ ရောင်းဝယ်ဖောက်ကားမှုကိုပဲ ခွင့်ပြုတာလို့ ဆိုနိုင်ပါတယ်။

Ref: Gizmochina