အမေရိကန်ရဲ့ ဘက်ပေါင်းစုံ ဖိအားပေးပိတ်ပင်မှုတွေကြောင့် Huawei ဟာ 5G ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် ဈေးကွက်သစ်တွေ ရှာဖွေနေရပါတယ်။ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS ကို အစောတလျင်အကောင်အထည်ဖော်ရပါတယ်။ အခုလည်း Chipset ကို ကိုယ်ပိုင်ထုတ်လုပ်ဖို့ စိုင်းပြင်းနေရပြန်ပါပြီ။

သတင်းတွေအရတော့ တရုတ်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဟာ အမေရိကန်နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ၊ အစိတ်အပိုင်းတွေမလိုအပ်ဘဲ ကိုယ်ပိုင် Semiconductor chips တွေ ဖန်တီးထုတ်လုပ်မယ့်အစီအစဉ်ကို ကြေညာတော့မယ်လို့ သိရပါတယ်။

Huawei ဟာ ကိုယ်ပိုင် Chip ထုတ်လုပ်နိုင်မယ့်လမ်းကြောင်းကို အလေးအနက်ထား စဉ်းစားနေပြီး သူတို့ရဲ့ ကိုယ်ပိုင် Chip ထုတ်လုပ်မှုဟာ ဒီနှစ်အကုန်မှာ အဆင်သင့်ဖြစ်လာလိမ့်မယ်လို့ သတင်းရင်းမြစ်ကဆိုကြောင်း RT News ကဖော်ပြခဲ့ပါတယ်။ တစ်နည်းအားဖြင့် Huawei ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကိုယ်ပိုင် Chip ထုတ်လုပ်မှုကို စတင်မှာဖြစ်ပြီး Samsung , TSMC, Intel အပါအဝင် အခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်လာဖွယ်ရှိပါတယ်။

Huawei ရဲ့ ဒီလှုပ်ရှားမှုဟာ ဘက်ပေါင်းစုံက ဖိအားပေးပိတ်ပင်နေတဲ့ အမေရိကန်ကို ကျော်လွှားဖို့ပဲ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းက TSMC ဆီကနေ Chip တွေ မဝယ်နိုင်တော့တာကြောင့်လည်း ဖြစ်ပါတယ်။ စောင့်ကြည့်ရဦးမယ်အချက်နှစ်ချက်က RT News ဟာ ရုရှားအစိုးရရဲ့ မတည်ငွေပါဝင်တဲ့ သတင်းဌာနဖြစ်ပြီး၊ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အခြားအတည်ပြုနိုင်တဲ့ အချက်အလက်လည်း မရှိသေးတာကြောင့် ဖြစ်ပါတယ်။

Ref: Gizmochina