၂၀၂၀ ခုနှစ်ရဲ့ ပထမနှစ်ဝက် ပြီးဆုံးသွားခဲ့ပြီ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေဟာ ငွေစာရင်းတွေကို ထုတ်ပြန်ကြေညာနေပါတယ်။ Huawei ကလည်း ပထမနှစ်ဝက်အတွက် ဝင်ငွေနဲ့ အမြတ်ငွေ စာရင်းကို ထုတ်ပြန်လိုက်ပြီး အရင်နှစ်ကထက် ၁၃.၁ ရာခိုင်နှုန်းနဲ့ ၉.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာပါတယ်။

ဝင်ငွေဟာ ယွမ် ၄၅၄ ဘီလီယမ် ဖြစ်ပြီး လက်ရှိ ငွေလဲလှယ်နှုန်းထားအရ ဒေါ်လာ ၆၄ ဘီလီယမ်ကျော်ရှိပါတယ်။ Carrier လုပ်ငန်းကနေ ယွမ် ၁၅၉.၆ ဘီလီယမ် ဝင်ခဲ့ပြီး Enterprise လုပ်ငန်းကနေ ယွမ် ၃၆.၃ ဘီလီယမ် ရခဲ့ပါတယ်။ မိုဘိုင်း ကိရိယာ ပါတဲ့ Consumer လုပ်ငန်းဟာ ယွမ် ၂၅၅.၈ ဘီလီယမ် ဝင်ငွေ ရခဲ့ပါတယ်။

Huawei ဝင်ငွေရဲ့ ထက်ဝက်ကျော်ဟာ စမတ်ဖုန်း ၊ တက်ဘလက် နဲ့ Wearable လုပ်ငန်းကနေ ရခဲ့တာ ဖြစ်ပြီး Carrier လုပ်ငန်းဟာ အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ပင်မှုကြောင့် ဝင်ငွေစုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။

ပထမနှစ်ဝက်နဲ့ ဒုတိယ ကွာတားရဲ့ ငွေစာရင်း သတင်းအချက်အလက်တွေကို ဒီလနှောင်းပိုင်းမှာ ပိုမို သိလာရမှာ ဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်အပေါ် အကျိုးသက်ရောက်မှုကို ပိုသိလာရမှာပါ။

Ref : gsmarena