Huawei ဟာ လက်ရှိစမတ်ဖုန်းတွေအတွက် Android OS ကို အခြေခံထားတဲ့ EMUI ကို အသုံးပြုနေဆဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လပိုင်းတုန်းက Huawei P40 Series စမတ်ဖုန်းတွေအတွက် EMUI 10.1 ကို နောက်ဆုံး Update ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာ Huawei ကနေ သူ့ရဲ့ စမတ်ဖုန်းတွေအကုန်လုံးနီးပါးကို EMUI 10 Update ထုတ်ပေးနေသလို တရုတ်နိုင်ငံတွင်းမှာလည်း EMUI 10.1 Beta Update တွေကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Huawei ကနေ နောက်ထပ် Major Update ဖြစ်လာမယ့် EMUI 11 ကိုပါ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဒီလိုမျိုး EMUI 11 ကို စတင်ဆောင်ရွက်နေပြီဆိုတာကို Huawei Member Center App ရဲ့ Update Changelog မှာ “Optimized For EMUI 11” ဆိုပြီး ဖော်ပြထားတာကိုတွေ့ရှိခဲ့ရတာဖြစ်ပြီး စတင်စမ်းသပ်နေပြီဆိုတာ သေချာသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့်လည်း Huawei ကိုယ်တိုင်ကတော့ တရားဝင်အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

ဖြစ်နိုင်တာတစ်ခုက Google ကနေ လာမယ့် မေလအတွင်းမှာ Android 11 အတွက် ပထမဆုံး Public Beta ကို စတင်ထုတ်ပေးတော့မှာဖြစ်တဲ့အတွက် EMUI 11 ကလည်း Android 11 OS ပေါ်မှာအခြေခံလာဖို့များနေပါတယ်။ လောလောဆယ်အထိတော့ Android 11 မှာပါဝင်လာမယ့် Feature အသေးစိတ်ကိုလည်း Google က Public Beta ထုတ်ပေးတဲ့အချိန်မှပဲ တရားဝင်သိရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Huawei Mate 40 Series စမတ်ဖုန်းတွေဟာ EMUI 11 ကို ပထမဆုံးအသုံးပြုထားတဲ့ စမတ်ဖုန်းတွေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

Ref – Gizmo China