ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက Weibo အသုံးပြုသူတစ်ဦးဟာ Huawei ရဲ့ ကုန်အမှတ်တံဆိပ်သစ်အကြောင်း သူရှာဖွေတွေ့ရှိထားတာကို မျှဝေလာပါတယ်။ အဲဒါကတော့ Huawei ရဲ့ Logo ဒီဇိုင်းသစ်အကြောင်းပဲ ဖြစ်ပါတယ်။


Huawei ဟာ Kirin chip တွေအတွက် Logo သစ်ကို မှတ်ပုံတင်လျှောက်ထားတာဖြစ်ပြီး ဒီဇိုင်းကတော့ နဂါးတစ်ကောင်ရဲ့ ပုံစံဖြစ်ပါတယ်။ Huawei ရဲ့ HiSilicon ဟာ Kirin တွေအတွက် ကိုယ်တိုင်ဒီဇိုင်းဆွဲတာဖြစ်တာကြောင့် Logo သစ်ပြောင်းလဲနိုင်တယ်ဆိုတာကလည်း ဖြစ်နိုင်ခြေရှိတဲ့ သတင်းတစ်ခုလို့ မှတ်ယူရပါမယ်။

တရုတ်ရဲ့ နာမည်ကြီး Microblogging ဝက်ဘ်ဆိုက်မှာလည်း ဇွန်လ ၂၀၂၀ မှာ လျှောက်တင်ထားခဲ့တဲ့ ကုန်အမှတ်တံဆိပ်ကို အလားတူ တွေ့မြင်ရပါတယ်။ ပုံကတော့ ပြုံးရယ်နေတဲ့ နဂါးတစ်ကောင်ရဲ့ပုံ (မြန်မာအခေါ်တော့ နယား/တိုးနယား ဖြစ်ပါလိမ့်မယ်) ဖြစ်ပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ နဂါးရဲ့ပုံစံဟာ အတောင်ပံနှစ်ဘက်၊ ခြေထောက်လေးခြောင်းနဲ့ ဖြစ်ပြီး မြင်ဖူးနေကျ တရုတ်ရိုးရာနဂါးပုံစံနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Logo တစ်ခုအနေနဲ့ ဒီလိုပုံစံဟာ အမှန်တကယ် ဖြစ်နိုင်ပါ့မလားဆိုတဲ့အတွေးတော့ တွေးမိစေပါတယ်။

မူလအမှတ်တံဆိပ်ဟာ အနီရောင်ဖဲကြိုးပုံစံဖြစ်သလို အခုမြင်တွေ့ရတဲ့ နဂါးရုပ်ရဲ့ ရင်ညွန့်မှာလည်း မူလ Kirin ရဲ့ ဖဲကြိုးကို တပ်ဆင်ထားတာတွေ့ရပါတယ်။ ဒါကြောင့် ဒီ Logo ဒီဇိုင်းကို ဘယ်အချိန်မှာ တရားဝင်ကြေညာမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina