ဒီရက်ပိုင်းအတွင်း Huawei ရဲ့ သတင်းတွေထဲမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံးက HarmonyOS အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ Google Service တွေကို လက်လွှတ်ရပြီးတဲ့နောက်မှာ တရုတ်အခြေစိုက်ကုမ္ပဏီကြီးရဲ့ ကိုယ်ပိုင် OS စီမံကိန်းဟာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာတာကို မြင်တွေ့နေရလို့ပဲ ဖြစ်ပါတယ်။

Huawei ဟာ HarmonyOS 2.0 ကို ဒီနှစ်ရဲ့ စက်တင်ဘာလထဲမှာ ကြေညာလာနိုင်ပါတယ်။ လာမယ့် စမတ်နာရီသစ်မှာလည်း HarmonyOS ကို စတင်အသုံးပြုမယ်လို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း ကုမ္ပဏီရဲ့ Consumer Business CEO Richard Yu က သူတို့ကိုယ်ပိုင် OS ရဲ့ Logo တွေကို ထုတ်ဖော်ပြသခဲ့တာကို တွေ့မြင်ရပါပြီ။

HarmonyOS အတွက် Logo က နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ Global ဗားရှင်းအတွက် ဖြစ်ပြီး နောက် Logo ကတော့ Chinese ဗားရှင်းအတွက်ပါ။ ဒီ Logo နှစ်ခုကြားမှာ သတိပြုစရာ ကွဲလွဲချက်လေးတွေလည်း ရှိနေပါသေးတယ်။ Logo ဒီဇိုင်းပိုင်းမှာ ကွာခြားမှုရှိတာကို တွေ့မြင်ရပြီဖြစ်ပေမယ့် ဒီ OS ဗားရှင်းနှစ်ခုကြား အဓိကကွာခြားချက်တွေအကြောင်းကိုတော့ အခုထိ သတင်းအစအနတောင် ထွက်မလာသေးဘဲ ရှိနေပါသေးတယ်။

HarmonyOS ကို Huawei ရဲ့ IoT, ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်း၊ စမတ်နာရီစတဲ့ ထုတ်ကုန်အားလုံးမှာ အသုံးပြုနိုင်အောင် စီမံထားတဲ့အပြင် အနာဂတ်မှာ “Worldwide operating system” ဖြစ်လာအောင်လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် OS ဟာ ကမ္ဘာ့နည်းပညာလောကမှာ ဘယ်လောက်အထိ နေရာယူလာနိုင်မယ်ဆိုတာကိုသိနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina