Huawei ဟာ စမတ်ဖုန်းတင်မကဘဲ Wearable ဈေးကွက်မှာလည်း ကြီးမားတဲ့တိုးတက်မှုတွေကိုရနေပြီး ၂၀၂၀ YoY တိုးတက်မှုနှုန်းဟာ ၅၇% ကျော် ဖြစ်ခဲ့ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ အခုလည်း Huawei Watch Fit နဲ့အတူ သူ့ရဲ့ Wearable ဈေးကွက်ကို ချဲ့ထွင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Huawei Watch Fit ရဲ့ ဓါတ်ပုံနဲ့ အချက်အလက်အချို့ဟာ သြဂုတ်လဆန်းပိုင်းလောက်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် ပြည့်ပြည့်စုံစုံတော့ မဟုတ်ခဲ့ပါဘူး။ အခုတော့ အချက်အလက်အပြည့်အစုံအပြင် ယူအေအီးမှာ ဖြန့်ချိမယ်ဆိုတဲ့ သတင်းပါထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Huawei Watch Fit ဟာ 1.64-inch AMOLED display ဖြစ်သလို 2.5D curve Glass ပုံစံလည်း ဖြစ်ပါတယ်။ 280 x 456 HD resolution, 326 PPI ဖြစ်ပြီး 16.7 mega colors ကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းမှာတော့ တစ်ခုတည်းသော ခလုတ်ရှိပြီး ဒါဟာ နာရီကို ဖွင့်နိုင်ပိတ်နိုင်တဲ့ ပါဝါခလုတ်လည်း ဖြစ်ပါတယ်။

Huawei Watch Fit ဟာ Always-on Display watch faces ၆ မျိုးကို ထောက်ပံ့ပေးထားပြီး နာရီက Inactive ဖြစ်နေရင်တောင် အချက်အလက်တွေကို ဖော်ပြနေမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ၁၂ မျိုး၊ အပြေး၊ ရေကူး၊ စက်ဘီးစီးခြင်းတွေလို အားကစားနည်း ၁၁ ခုအပါအဝင် ယောဂနဲ့ စိတ်ကြိုက်လေ့ကျင့်ခန်းတွေအတွက်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Huawei Watch Fit မှာ GPS sensor, 5ATM ရေစိုခံကာကွယ်မှု၊ AI heart rate algorithm စတာတွေအပြင် ဆင်ဆာအသစ်ကလည်း အချိန်နဲ့တပြေးညီ တိုင်းတာမှု၊ လေ့ကျင့်ခြင်းအကျိုးသက်ရောက်မှုအပေါ် သိပ္ပံနည်းကျအကဲဖြတ်မှု၊ လမ်းညွှန်ချက်ပေးခြင်း စတဲ့ ပိုပြီးကောင်းမွန်တဲ့ စနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် အသုံးပြုသူရဲ့ ကြံ့ခိုင်မှုအချက်အလက်တွေကိုလည်း Huawei ရဲ့ Health App က ခြေရာခံပေးနေမှာ ဖြစ်ပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်းစောင့်ကြည့်စစ်ဆေးတာ၊ SpO2 သွေးတွင်းအောက်စီဂျင်အခြေအနေ စစ်ဆေးတာ၊ ဓမ္မတာစက်ဝန်းကို ခြေရာခံတာ၊ Huawei TruSleep 2.0 နဲ့ အိပ်စက်ခြင်းကို ခြေရာခံတာ၊ TruRelax နဲ့ စိတ်ဖိစီးမှုကို တိုင်းတာတာတွေလည်း ပါဝင်ပါတယ်။

Huawei Watch Fit ရဲ့ ဘက်ထရီသက်တမ်းဟာ ပုံမှန်အားဖြင့် ၁၀ ရက်အထိ အသုံးပြုနိုင်ပြီး၊ အလွန်အမင်းအသုံးပြုရင် ၇ ရက်နဲ့ GPS mode သုံးရင် ၁၂ နာရီကြာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ Huawei Watch Fit ကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ ယူအေအီးဈေးကွက်ထဲ စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ $110 (၁ သိန်း ၄ သောင်း ၈ ထောင်ဝန်းကျင်) ဖြစ်ပါတယ်။

Ref: Gizmochina