Huawei ကနေ ယခုနှစ်ကုန်ပိုင်းမှာ Mate 40 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Mate 40 Series ဖုန်းတွေမှာ 5nm Architecture ကို အခြေခံထားတဲ့ Kirin Chipset အသစ်တွေကို အသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း Huawei ကနေ လက်ရှိ IFA 2020 Event မှာ Kirin Chipset အသစ်ကို မိတ်ဆက်ဖို့ ဖျက်သိမ်းခဲ့ပါတယ်။ ဒါကလည်း US အစိုးရရဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး Kirin Chipset ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းရမလိုဖြစ်နေတာကြောင့်လို့ ယူဆရပါတယ်။ အခုအချိန်မှာလည်း Mate 40 Series မှာ အသုံးပြုလာနိုင်တဲ့ Kirin Chipset အသစ်တွေရဲ့ နာမည်က ပေါက်ကြားလာခဲ့ပြန်ပါပြီ။

အဆိုပါ သတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ “@RODENT950” ကနေ ပြောကြားခဲ့တာဖြစ်ပြီး Kirin 9000 နဲ့ Kirin 9000E Chipset ၂ မျိုးကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei Mate 40 Pro မှာ Kirin 9000 နဲ့ သာမန် Mate 40 ဖုန်းမှာတော့ Kirin 9000E Chipset ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။

ဒီ Kirin 9000 Chipset အသစ်တွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် Kirin 9000E Chipset ဟာ လက်ရှိ Kirin 990 Chipset ကိုပဲ အနည်းငယ်အဆင့်မြှင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် 7nm Architecture ကိုပဲ ဆက်လက်အခြေခံထားဖွယ်ရှိနေပါတယ်။

Huawei Mate 40 Pro ဖုန်းမှာတော့ 5nm Architecture ကိုအခြေခံထားတဲ့ Kirin 9000 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာကို ပိုပြီးကောင်းလာဖို့ရှိတယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ Huawei အနေနဲ့ 5nm Chip တွေကို ထပ်မံထုတ်လုပ်နိုင်မှာမဟုတ်တော့တဲ့အတွက် အခုလိုမျိုး ၂ မျိုးခွဲပြီး မိတ်ဆက်လာမယ့်ပုံစံပါပဲ။

Ref – Gizmo China