Huawei ဟာ Google Apps နေရာမှာ အစားထိုးဖြည့်တင်းဖို့ Huawei Mobile Service ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေရသလို၊ တစ်ဘက်မှာလည်း နောက်ထပ်စိန်ခေါ်မှုအသစ်အဖြစ် Chipset ပိုင်းမှာ အစားထိုးနိုင်မယ့် Supplier ကို ရှာဖွေရဦးမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ပင်မှုထဲမှာ TSMC က တိုက်ရိုက်မပါဝင်ဘူးဆိုပေမယ့် နည်းပညာပိုင်းဆိုင်ရာမှာ ငြိစွန်းမှုတွေ ရှိတာကြောင့် Huawei ကို Chip တွေထုတ်လုပ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် Huawei အနေနဲ့ သူ့ရဲ့ Hisilicon အတွက် Chip တွေထုတ်လုပ်နိုင်မယ့် အခြားနည်းလမ်းကို ရှာဖွေနေရတာလည်း ဖြစ်ပါတယ်။

Weibo မှာပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ Huawei ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ သူတို့ရဲ့ Flagships စမတ်ဖုန်းတွေအတွက် Third party vendor ဆီကတစ်ဆင့် 5nm chip တွေကို ဝယ်ယူအသုံးပြုမယ်လို့ သိရပါတယ်။ ဒီသတင်းဟာ လုပ်ငန်းတစ်ခုရဲ့အတွင်းလူက ပြောတာဆိုပေမယ့် တိကျခိုင်လုံတဲ့ သက်သေအထောက်အထားတော့ မရှိသေးတာလည်း ဖြစ်ပါတယ်။

TSMC ကတော့ Huawei ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ဆက်လက်ပြီး Chip တွေ ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် အမေရိကန်အစိုးရက သက်တမ်းတိုးမြှင့်ပေးခြင်းမရှိရင်တော့ ဒီကာလနောက်ပိုင်းမှာ TSMC ရော တရုတ် SMIC ကပါ Hisilicon အတွက် Chip တွေကို ထုတ်လုပ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ ဒီကာလကို ကျော်လွန်ပြီး စီစဉ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Third party vendor ဆီကတစ်ဆင့် ဝယ်ယူမယ်ဆိုတဲ့သတင်းဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ငြင်းဆိုလို့မရပါဘူး။ လတ်တလောမှာတော့ MediaTek နဲ့ Samsung တို့ဟာ Huawei အတွက် Chip ထုတ်လုပ်ပေးနိုင်ခြေ အများဆုံး ကုမ္ပဏီတွေဖြစ်ပါတယ်။

Ref: Gizmochina